အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်

ဩဂုတ်၁၂။

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများ၊ စက်မှုဇုန် ဥက္ကဋ္ဌနှင့် ယနေ့နံနက်ပိုင်းတွင် ရွှေလင်ပန်းစက်မှုဇုန်ရှိ CMP  အထည်ချုပ်စက်ရုံများဖြစ်သည့် Shengjie (Myanmar) Co.,Ltd ၊ Zhehiang Tongli Clothing Co.,Ltd၊  Gold Emperor (Myanmar) Co.,Ltd  စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊  ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများနှင့် စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများကို လိုက်နာဆောင်ရွက်မှု ၊ ကျန်း မာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဆိုင်ရာ ကိစ္စရပ်များကို  ရှင်းလင်းတင်ပြသည်။

  တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ‌ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကုန်ထုတ် စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ် ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် နေပြည်တော်၌ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ၍ စက်မှုဇုန်အလိုက်  Assessment Center များ တိုးချဲ့ တည်ထောင်ရေး၊ Chief Assessor၊ Assessor ၊ Inspector များ ပိုမို မွေးထုတ်ပေးရန်  Assessor Methology Training များကို စက်မှုဇုန်အလိုက် ဖွင့်လှစ်ပေးရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ ၂၀၁၄ ခုနှစ်မှ ယခုအချိန်ထိ အလုပ်အကိုင် အမျိုး ၃၀ မှ အရည်အသွေးပြည့်မီသူ ၁၈၀၀၀ ဦးကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အထည်ချုပ်အလုပ် အကိုင်အတွက် ကျွမ်းကျင်လုပ်သား ၅၈၀၀ ဦးခန့်သာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

 လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်းစက်မှုဇုန်တို့တွင်  သင်တန်းများ ဖွင့်လှစ်နေပြီဖြစ်၍ သင်တန်းဆင်းများအနေဖြင့် ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စက်ရုံအတွင်းရှိ သတ်မှတ် အဆင့်မီသူ များကို  ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များရယူနိုင်ရေး စစ်ဆေးအကဲဖြတ်မှု ခံယူနိုင်မည် ဖြစ်ရာ လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် နိုင်ငံတော်အတွက် များစွာအထောက်အကူ ရရှိမည် ဖြစ်ကြောင်း။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်း ခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လို ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့်  စဉ်ဆက် မပြတ် ထိတွေ့ပြီး မျှတသည့် အလုပ်သမားရေးရာဆက်ဆံမှု ရှိရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြား၍ အလုပ်သမားကိုယ်စားလှယ်များ၏ တင်ပြချက်များကို စက်ရုံ၊ အလုပ်ရုံတာဝန်ခံများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်