နေပြည်တော် ဇွန် ၁၂
၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ (၂၀၁၄)အခမ်းအနား ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ တို့ ပူးပေါင်း၍ နေပြည်တော်၊ ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ၁၂-၆-၂၀၁၄ နံနက်(ဝ၉းဝ၀)နာရီမှ (၁၁း၃၀)နာရီ အထိ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံး(ရန်ကုန်)မှ ဆက်ဆံရေးအရာရှိ Mr.Steve Marshall ၊ အလုပ်လုပ်သောကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ မှ ဥက္ကဋ္ဌ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စီမံကိန်း (ILO/My-PEC)မှ စီမံကိန်းဒါရိုက်တာ Mr.Selim Benaissa ၊ ILO နှင့် UNICEF တို့မှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာ အဖွဲ့ရုံး (ရန်ကုန်)မှ ဆက်ဆံရေးအရာရှိMr.SteveMarshall က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ၏ ကမ္ဘာ့ကလေးလုပ်သား ဆန့်ကျင်ရေးနေ့ ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းဆောင်ရွက်မည့် အစီအမံ များအား စီမံကိန်းဒါရိုက်တာကရှင်းလင်းပြောကြားခြင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်လုပ်သောကလေးသူငယ်များကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းပညာရပ် လုပ်ငန်းအဖွဲ့၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ အလုပ်ရှင်အဖွဲ့အစည်းများ ကိုယ်စားလှယ်နှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တို့မှ ကြိုဆိုပူးပေါင်းဆောင်ရွက်မှုထုတ်ပြန်ချက်များကို ဖတ်ကြားတင်ပြခြင်း တို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

