နေပြည်တော် ၊ ဇွန် ၁၆
မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် လုပ်သားရေးရာစာရင်းအင်းသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား (The National Training Workshop on Labour Statistics)ကို နေပြည်တော်ရှိ ဟိုတယ်ရွှေပြည်တော် ၌ ယနေ့နံနက် ၉:၃၀ နာရီ က ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထင်အောင်၊ ILO မှ Liaison Officer Mr. Steve Marshall နှင့် စစ်တမ်း ကောက်ယူရေးနှင့် ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချ ပေးကြမည့် ILO မှ စာရင်းအင်းပညာရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းသား/ သင်တန်းသူ များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စစ်တမ်းကောက်ယူရေးနည်းပညာအကြံပေးချုပ် Mr. Debi Mondal က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ILO Liaison Officer Mr. Steve Marshall တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
ဒုတိယဝန်ကြီးဦးထင်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်း ဆွေးနွေးပွဲသည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ILO ၏ နည်းပညာအကူအညီဖြင့် ကောက်ယူမည့် လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်း အတွက် အရေးကြီးသည့်သင်တန်းဖြစ်ကြောင်း၊ သင်တန်းတွင် အလုပ်လက်ရှိ၊ အလုပ်လက်မဲ့ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ သတ်မှတ်ချက်၊ စစ်တမ်းကောက်ယူမည့် မေးခွန်းလွှာဆိုင်ရာ အယူအဆ၊ ကလေးလုပ်သား ဆိုင်ရာအယူအဆများ၊ လူမှုဖူလုံရေးနှင့် လူမှုရေးအကာအကွယ်ပေးမှုဆိုင်ရာ အယူအဆများ၊ လူငယ်အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆိုင်ရာ အယူအဆများ၊ စစ်တမ်းကောက်ယူရေး နမူနာရွေးချယ်မှုဆိုင်ရာ အယူအဆများကို ဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်း မှရရှိလာမည့် နည်းပညာ ဗဟုသုတနှင့် အတွေ့အကြုံကောင်းများကို ဆက်လက်ဆင့်ပွားပို့ချရန်လိုကြောင်း၊ ယခုစစ်တမ်း ကို ကောက်ယူခြင်းဖြင့် ရရှိလာမည့်အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များပေါ် မူတည်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ဆုံးဖြတ်ချက်ချမှတ်ရမည့်လုပ်ငန်းများတွင် လက်တွေ့ အထောက် အကူဖြစ်စေနိုင်ကြောင်း၊ ယုံကြည်ကိုးစားလောက်ပြီး၊အချိန်နှင့်တစ်ပြေးညီ မှန်ကန်ကိုက်ညီမှု ရှိသည့်ကိန်းဂဏန်း အချက်အလက်များကို ရနိုင်မည့်အကျိုးကျေးဇူးများရနိုင်ကြောင်း၊ လူအင်အား စီမံကိန်းရေးဆွဲရေး (Manpower Planning) မှာ မရှိမဖြစ်လိုအပ်သည့် စာရင်းအင်း အချက် အလက်များ ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက် မှုအကူးအပြောင်း ဆန်းစစ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် လုပ်သားရေးရာစာရင်းအင်းသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၅ ရက်ကြာ ဟိုတယ်ရွှေပြည်တော်၌ စုစုပေါင်းသင်တန်းသား/ သင်တန်းသူ ၃၅ ဦးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။







