အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၆-၆-၂၀၁၄ ၊ စစ်ကိုင်း

လူမှုဖူလုံရေးအဖွဲ့တွင် အာမခံအကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာယန်စီကော့ပါး လီမိတက် မှ အာမခံအလုပ်သမားများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် သေဆုံးခြင်း နှင့် ဒဏ်ရာရခြင်းတို့အတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအသစ် အရ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှု အာမခံစနစ် ဖြင့် လုပ်ငန်းခွင် ထိခိုက်မှုအကျိုးခံစားခွင့်များ ပေးအပ်ခြင်း အခမ်းအနားကို ၁၆-၆-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်၊ သေဆုံးသူ အာမခံအလုပ်သမားနှင့် ဒဏ်ရာရရှိသူတို့၏မိသားစုဝင်များ၊ မြန်မာယန်စီကြေးနီ သတ္တုတွင်း လုပ်ငန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီး မှ အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့ မှ လက်ရှိ အကောင် အထည်ဖော်နေသော အာမခံစနစ်(၃)မျိုး မှာ အာမခံအလုပ်သမားများအနေဖြင့် မမာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်တွင်ထိခိုက်ဒဏ်ရာရရှိမှုများပေါ်ပေါက်ပါက အခမဲ့ဆေးကုသခွင့် နှင့် ငွေကြေး အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်မှာဖြစ်ကြောင်း၊ အာမခံအလုပ်သမားသေဆုံးလျှင် အသုဘ စရိတ်ထောက်ပံ့မှာဖြစ်ကြောင်း၊ အလုပ်တွင်မတော်တဆထိခိုက်၍ ယာယီမသန်မစွမ်းဖြစ်ပြီး အလုပ် မလုပ်နိုင်လျှင် ငွေကြေးအကျိုးခံစားခွင့်ပြုမှာ ဖြစ်ကြောင်း၊ အလုပ်တွင် ထိခိုက်၍ သေဆုံး ပါက ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ကို ထိုက်ထိုက်တန်တန် ခံစားခွင့်ရရှိအောင် ထောက်ပံ့ပေးမှာ ဖြစ်ကြောင်း၊ ဥပဒေသစ်တွင် ထည့်ဝင်ထားသော အလုပ်သမားရဲ့ လုပ်ခဝင်ငွေ ပေါ်မူတည်၍ တွက်ချက်ခံစားခွင့်ပြုပါကြောင်း၊ ဒါ့အပြင် ထည့်ဝင်ထားသည့် ကာလပေါ် မူတည်ပြီးခံစားခွင့်ပြုပေးနေပါကြောင်း၊ အာမခံအလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးဆေးခန်း များသို့ အချိန်နှင့်တပြေးညီဆေးကုသမှုခံယူနိုင်ရေး လာရောက်ရန်အခက်အခဲရှိနေသည်များကို ပြေလည်အောင် စာချုပ်ဆေးခန်းများ စမ်းသပ်ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်နေပါကြောင်း၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စစ်ဆေးပြီးလိုအပ်ပါက ဆေးရုံ၊ ဆေးခန်းများသို့ လွှဲပြောင်း ကုသမှုခံယူနိုင်ရေး ရွှေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) ဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်မြေများအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အာမခံအကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာယန်စီကော့ပါးလီမိတက် မှ အာမခံ အလုပ်သမား၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် နှင့် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်များကို ယနေ့ ထုတ်ပေးသွားမှာ ဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးဒေါ်ဝင်မော်ထွန်း မှ သေဆုံးသူအာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေကျပ် ၈,၆၈၀,၃၃၈ိ/- ကိုလည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမား အတွက် ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ် ၁၂၁,၄၆၄ိ/- ကိုလည်းကောင်း ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။