အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မေလ ၂၂ ၊ နေပြည်တော်

(၂၃)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန၊ Banquet Hall ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် အာဆီယံအဆင့်မြင့် အလုပ်သမား အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက (၂၃) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရသည့်အတွက်များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ် အာဆီယံရည်မှန်းချက်အား ထင်ဟပ် စေသည့် လုပ်ငန်းအစီအစဉ်အရ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပိုမိုကောင်းမွန်သည့် လူမှုရေးနှင့် စီးပွားရေးအခြေအနေများ ဖြစ်ပေါ်စေရေးကို ဦးတည်သဖြင့်အာဆီယံလုပ်သားထု တစ်ခုလုံးအတွက် အရေးပါ၍ အဓိပ္ပာယ်ပြည့်ဝသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ထို့အပြင် အာဆီယံအလုပ်သမား ဝန်ကြီးများ အစည်းအဝေးများသည် အာဆီယံ ပေါင်းစည်းမှု အစပြုရေး လုပ်ငန်းအစီအစဉ်များတွင် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံများ၏ ထောက်ပံ့ပေးမှုသည် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး၏ လုပ်ငန်း အစီအစဉ်အတွင်း အရေးပါသည့် ဆောင်ရွက်ချက်များ အောင်မြင်ရေးအတွက် ဦးတည်နိုင် ခဲ့ပါကြောင်း၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများ အစည်းအဝေးပုံမှန်ကျင်းပခြင်းဖြင့် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား အပြန် အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းစေမည်ဟု ယုံကြည်ပါကြောင်း၊ (၂၃)ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်း အဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ဟန်ချက်ညီမျှပြီး တိုးတက်သာယာဝပြောသော လုပ်ငန်းခွင်အတွက် ယှဉ်ပြိုင် နိုင်စွမ်းပြည့်ဝသော လုပ်သားထုဘဝမြှင့်တင်ရေး” ဟူသည့် ဆောင်ပုဒ်သည် ဒေသတွင်း လုပ်သားအင်အား တိုးမြှင့်ရေး အတွက် တူညီသည့်ဆန္ဒကို ဖော်ညွှန်းနေပါကြောင်း၊ ၂၀၁၅ ခုနှစ် အတွင်း အာဆီယံအသိုက်အဝန်း ပေါ်ပေါက်ရေး မျှော်မှန်းထားရာ ဤအစည်းအဝေး၏ ဆောင်ပုဒ်အား သေချာစွာ ဂရုပြုရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း၊
အာဆီယံဒေသတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေးသည်လည်း အာဆီယံ ၏ရည်မှန်းချက်ပင်ဖြစ်ရာ ဒေသတွင်း၌ အရည်အသွေးပြည့်ဝပြီး တက်ကြွ သည့် လုပ်သားထုရှိရမည်ဖြစ်သည့် အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကအသိအမှတ်ပြုလက်ခံသည့် တစ်ပြေး ညီချမှတ်ထားသော သင်ရိုး ညွှန်းတမ်းနှင့် စံများကို အခြေခံသည့် ကျွမ်းကျင်မှုသင်တန်းဆိုင်ရာ အစီအစဉ်များ ရှိရမည်ဖြစ်ကြောင်း၊ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမားများကို အကာအကွယ်ပေးရေးသည် စေလွှတ်သည့်နိုင်ငံနှင့်လက်ခံသည့်နိုင်ငံ နှစ်နိုင်ငံစလုံး၏ တာဝန်ဖြစ်သည့်အတွက်ရွှေ့ပြောင်းအလုပ်သမား၏ အခွင့်အရေးများကို အကာအကွယ် ပေးရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ သို့ရာတွင် အလုပ်ရှင်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်လိုအပ်ပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း ထူထောင်ရေး အတွက် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝ ပြောရေးစသည့် ဦးတည်ချက်များဖြင့် ကောင်းမွန်သည့် ရလဒ် များ၊ အကျိုးရှိသည့် ပြောင်းလဲမှုများကို ဤအစည်းအဝေးကြီးမှ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပါသည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး (၂၃) ကြိမ်မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။