၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/သမီးများ ပညာသင်စရိတ် ချီးမြှင့် ထောက်ပံ့ရန်ရည်ရွယ်လျက် ဝန်ထမ်းမိသားစု၊ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားအားအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ စုပေါင်းစုဝေးခန်းမ၌ ၂-၆-၂၀၁၄ ရက်နေ့ နေ့လည် (၁၄းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ ဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်မှ အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာမှာ ထူးချွန်တဲ့လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးလိုအပ်မှာဖြစ်သလို အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမယ့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံကျတဲ့လိုအပ်ချက်ဖြစ်တဲ့အတွက်ပညာရေးကဏ္ဍကိုနိုင်ငံတကာ အဆင့် အထိ မြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနဲ့ ပညာရေးအသုံးစရိတ်တွေကို တိုးမြှင့်ပေးပြီး ဂုဏ်ပြုချီးမြှင့်ထိုက်သူတွေကို ဂုဏ်ပြုချီးမြှင့်ပေးနေခြင်းဟာ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို ဦးတည်ပြီးတော့ နိုင်ငံတော် အတွက် ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာအောင်ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ ပညာရေးစနစ်ဖြစ်ထွန်းလာရေးအတွက် ဘက်စုံလွှမ်းခြုံနိုင်တဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော် နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရေးစေတနာရှင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအနေနဲ့ ကျောင်းစာတစ်ခုတည်းမှာ ဝန်ပိနေခြင်းမျိုးမဖြစ်စေဘဲ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူမှုရေးအသင်းအဖွဲ့ (Social Society) များမှာ ပါဝင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးတည်းဟူသော ဘက်စုံပညာ အခြေခံကောင်းများကိုလည်း လေ့ကျင့်သင်ကြားကြဖို့ လိုမှာဖြစ်ပါကြောင်း၊ အခုလိုပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဝန်ထမ်းများရဲ့ သား/သမီးများ ပညာရည်မြင့်မားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလူငယ်များဖြစ်လာစေဖို့နဲ့ ပိုမိုကြိုးစားချင်စိတ်ရှိလာအောင် မြှင့်တင်ပေးဖို့ဖြစ်ပါကြောင်း၊
ဒါ့အပြင် ဝန်ထမ်းသား/သမီးများအနေနဲ့ ပညာသင်ဖို့ အသက်အပိုင်းအခြားထဲမှာ ရှိသူတိုင်း ပညာသင်ကြားနိုင်အောင် ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားဖို့လည်း မျှော်မှန်းထားပါကြောင်း၊
ဝန်ထမ်းများအနေနဲ့လည်း မိမိတို့ရဲ့တာဝန်ကို ကျေပွန်ပြီး နိုင်ငံတော်အကျိုးဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက်ကြရမှာဖြစ်သလို မိမိတို့ရဲ့ သား/သမီးတွေကိုလည်း ပညာရည်ထူးချွန် ထက်မြက်သူ တွေဖြစ်အောင်၊ အသိအမြင်ကြွယ်ဝပြီး နိုင်ငံ့သားကောင်း၊ သမီးကောင်းတွေဖြစ်လာအောင် သွန်သင် ဆုံးမသွားကြပါလို့ တိုက်တွန်းပြောကြားလို ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများကလည်း နိုင်ငံတော်ကအားထားရမယ့် ဘက်စုံထူးချွန်တဲ့ ကျောင်းသား/ကျောင်းသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဒုတိယဝန်ကြီးများက ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့် ထောက်ပံ့ငွေကျပ် ၁၆၄၈၃၀ဝ၀ိ/- ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


