နေပြည်တော် ဖေဖော်ဝါရီ ၁၁ ရက်
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်ခြင်းနှင့်ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး များတွင် (၃)လတာ တာဝန်ထမ်းဆောင်ကြမည့် လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့မှ အရာထမ်း/အမှုထမ်းများအား သြဝါဒအမှာစကား ပြောကြားခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက် ဝ၉း၃၀ နာရီတွင် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးမှ သြဝါဒစကားပြောကြားရာတွင် ယခုအခါထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား(၁.၂၃)သန်းကျော်အား ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး ဖြစ်ကြောင်း၊ အထောက်အထားမဲ့ရွှေ့ပြောင်း အလုပ်သမား ၈ သိန်းခန့်မှ ၁ သန်းခန့်အထိ ကျန်ရှိနေသဖြင့် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်ဖြစ်စေရေးအတွက် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနိုင်ရန် ဝန်ကြီးဌာန (၃)ခုမှ အမှုထမ်း၊ အရာထမ်းများအား လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ဖြင့် စုဖွဲ့၍ ထိုင်းနိုင်ငံအတွင်းရှိ စမုပရာကန်၊ စမုစခွန်၊ စူရတ်ဌာနီ၊ ပထုံသနီ၊ ရရောင်၊ ကန်ချနာဘူရီ၊ ခွန်ခမ်၊ ချင်းမိုင်၊ ချင်းရိုင်၊ တပ်ခ်၊ ရနောင်း စသည့်စခန်း(၁၁)ခုတွင် တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းသည် အင်မတန်ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ မိမိနိုင်ငံသားများကို ကယ်တင်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် ကုသိုလ်လည်းရပါကြောင်း မိမိတို့၏စိတ်ထဲတွင် ဒုက္ခရောက်နေသော မိမိတို့၏ နိုင်ငံသားများကို ကယ်တင်ရမည်ဆိုသည့်အချက်အား စွဲမြဲစွာမှတ်ထားကြရမည်ဖြစ်ကြောင်း၊ စခန်းတာဝန်ခံများအနေဖြင့် တည်ဆဲစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်းနှင့် ကျော်လွန်လုပ်ဆောင်ခြင်း မပြုကြရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် အုပ်ချုပ်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သမိုင်းတစ်ခုရေးသားသည့် ခရီးစဉ်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဦးထိပ်ထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်း လိုအပ်သော စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုင်းနိုင်ငံသို့ စေလွှတ်မည့်လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၊ (ရန်ကင်း)၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ မွမ်းမံသင်တန်းအား ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများက (၂)ရက်ကြာသင်တန်းပို့ချပေးခဲ့ကြောင်းသတင်းရရှိသည်။




