မန္တလေး စက်တင်ဘာ ၅
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများ နှင့် လုပ်ငန်းခွင် ရောဂါ ရရှိခံစားမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၄-၉-၂၀၂၆ ရက် နေ့လယ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ Hotel Mandalay ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်စေရန်၊ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ထောင်ရာတွင် အထောက် အကူဖြစ်စေရန်နှင့် ကော်မတီဝင်များ၏ အသိအမြင်များ တိုးတက်လာစေရန် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် အရေးကြီးဆုံး ဖြစ်သော လူသား အရင်းအမြစ်များ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကို ဆောင်ရွက်ရာတွင် လိုအပ်သည့် အသိ အမြင်နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေး အထောက်အပံ့ပြုနိုင် မည်ဖြစ်ပါကြောင်း၊ သင်တန်းမှတစ်ဆင့် လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲသူများ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများ အတွက် ထိရောက်ကောင်းမွန်သည့် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ လုပ်ငန်း ခွင်ဝန်းကျင် တိုင်းတာရေးကိရိယာများနှင့် လက်ကမ်းစာစောင်များ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ စပါးနှံတာယာ စက်ရုံ နှင့် အမရပူရမြို့နယ်ရှိ ကျော်ညိုမြတ် လျှပ်စစ်သုံး သံထည်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတို့တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်တို့နှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရွေ့လျားဆေးကုသယာဉ်ဖြင့် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများကို စက်ရုံအရောက် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် စွမ်းအား ပြည့်လုပ်ငန်းလည်ပတ်စေနိုင်ရန် အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင် သော ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခရီးစဉ်များရေးဆွဲကာ စက်ရုံ၊အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စပါးနှံတာယာစက်ရုံနှင့် ကျော်ညိုမြတ်လျှပ်စစ်/သံထည်စက်ရုံများမှ အာမခံအလုပ်သမားများ အား လိုအပ်သော ဆေးကုသမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများနှင့် ECG ဖြင့် နှလုံးစစ်ဆေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

