နေပြည်တော် ဩဂုတ် ၁၇
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း၌ ကျင်းပ သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များအတွက် သင်တန်းအမှတ်စဉ် (၁၄/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ကော်မတီဝင်များ၏ အသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များသည် လုပ်ငန်းခွင်ရှိ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင် မည်ဖြစ်ပြီး မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကော်မတီဝင်များ၏ အသိအမြင် တိုးတက်လာခြင်း၊ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများနှင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ရင်းနှီးမှုပိုမိုရရှိပြီး ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အလုပ်သမားရေးရာ ပြဿနာများကို ဖြေရှင်းရာတွင်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊
အဆိုပါသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လစဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ လက်ရှိအချိန်ထိ စက်ရုံ (၁၂၈၅) ရုံမှ သင်တန်းသား (၁၃၇၇) ဦး အား ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရေး သင်တန်းမှ ရရှိလာသည့် အသိအမြင်နှင့် အတွေ့အကြုံ များကို လက်တွေ့အသုံးပြုခြင်း၊ လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်မျှဝေခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စနစ် အဆင့်မြှင့်တင်နိုင်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ တည်ဆောက်နိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် အလေး ထားဆောင်ရွက်ပေးရန် ထပ်လောင်းမှာကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း လက်မှတ် များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသော အာမခံအလုပ်သမားလူနာများ အား ကြည့်ရှုအားပေးပြီး ဆေးရုံတွင် နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံ အလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်တပ်ဆင် ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နိုင်မည့်နေရာနှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လှိုင်သာယာမြို့နယ်သည် အာမခံအလုပ်သမားများ များပြားသော စက်မှုဇုန်နေရာဖြစ်သဖြင့် အလုပ်သမားဆေးရုံ(ထန်းတပင်)သည် အာမခံအလုပ်သမားအားထားရာ ဆေးရုံတစ်ရုံဖြစ်ရန် အစဉ်ကြိုးစားရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သော ဆေးဝါးများအား ပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှု နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူမှုဖူလုံ ရေးရုံးဝန်းအတွင်းရှိ ပျက်စီးနေသော လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၊ ကြည်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်း အဆောက်အဦဟောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြင်ဆင်ထိန်း သိမ်းဆောင်ရွက်ရမည့် အဆောက်အဦများနှင့် အသစ်ထပ်မံတည်ဆောက်ရမည့် အဆောက်အဦ များအား ရေရှည်တည်တံ့နိုင်စေရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရန်၊ အသစ်တည် ဆောက်မည့် အဆောက်အဦများအား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်သွား ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

