ရန်ကုန် မတ် ၁၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ သံချည်သံကွေး (မွမ်းမံ) သင်တန်းနှင့်လေအေးပေး စက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ သည် နည်းပညာတိုးတက်ပြောင်းလဲမှုနှင့်အညီ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိရာ သင်ယူမှုအခွင့်အလမ်းရရှိချိန်တွင် လုပ်ငန်းဆိုင်ရာ စာတွေ့အသိပညာများ၊ လက်တွေ့လုပ်ငန်း လုပ်ဆောင်မှုနည်းစနစ်များကို သေချာစွာ တတ်ကျွမ်းသိရှိစေရေး လုံ့လစိုက်ထုတ်၍ သင်ယူ လေ့လာဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်တည်မြဲရေးနှင့် လုပ်ငန်းအရည်အသွေး မြင့်မားကောင်းမွန် ရေးအတွက် ပြောင်းလဲနေသည့် နည်းပညာများကို အသုံးချလုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းနယ်ပယ် အသီးသီးတွင် အလိုအလျောက်စနစ်များ၊ အမိန့်ပေးရုံနှင့် အလိုအလျောက် အလုပ်လုပ်ပေးသည့် ဉာဏ်ရည်တုနည်းပညာ (AI – Artificial Intelligence) အသုံးပြုထားသည့် စက်ရုပ်များအစားထိုး အသုံးပြုလာသဖြင့် အတတ်ပညာတစ်ခုတည်း တတ်ကျွမ်းရုံဖြင့် မလုံလောက်တော့ဘဲ Multi Skills ရှိရန် ဒီဂျစ်တယ်နည်းပညာများ (Digital Skills) ကို ယှဉ်တွဲအသုံးချလုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်း နည်းပြဆရာများ၏ ပို့ချသင်ကြားမှုများကို စိတ်အား ထက်သန်စွာ မှတ်သားနာယူကြရန်၊ မိမိတို့သိရှိလိုသည်များကို ပွင့်လင်းစွာ မေးမြန်းဆွေးနွေးခြင်း၊ နည်းပညာဆိုင်ရာ Web Portal များ၊ Facebook ၊ YouTube စသည့် လူမှုကွန်ယက်များရှိ ပညာရပ်ဆိုင်ရာ အချက်အလက်များကို လေ့လာသင်ယူရန် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေး ကြိုပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဒုတိယဝန်ကြီးက သင်တန်းကျောင်းတာဝန်ခံနှင့် နည်းပြများအား သင်တန်းသားများ အမှန်တကယ် ကျွမ်းကျင်မှုရှိစေရေး၊ သင်တန်း၏ အရည်အသွေးအာမခံချက် ကောင်းမွန်ရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်တိုးတက်ရရှိစေရေးတို့အတွက် အလေးထား သင်ကြားပို့ချရန်၊ နည်းပညာတိုးတက်ပြောင်းလဲမှုများအရ ဈေးကွက်လိုအပ်ချက်များသော အဆင့်မြင့်သင်တန်းများ ကို တိုးချဲ့ဖွင့်လှစ်ရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ကျေးလက်ဒေသရှိ လူငယ်များ လက်လှမ်းမီနိုင်ရေး ရွေ့လျားသင်တန်းများကို စီစဉ်ဖွင့်လှစ်ရန်၊ အရည်အသွေးပြည့်မီသော သင်တန်းများ စဉ်ဆက်မပြတ်ပို့ချရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

