အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                ဖေဖော်ဝါရီ ၁၈

       အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးက ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ  အလုပ်အကိုင် အမျိုးအစား (၇၁)မျိုး အတွက် ကျွမ်းကျင်မှုစံ (၁၀၄)မျိုးအား အတည်ပြုပြဋ္ဌာန်းထားပြီး (၃၁,၄၅၈) ဦးကို ကျွမ်းကျင် လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီး ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ အလုပ်အကိုင် (၂)မျိုးအတွက် ကျွမ်းကျင်လုပ်သား (၇၈) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော Green Nature Manufacturing Co., Ltd ၊ Joyful (Myanmar) Garment Co., Ltd ၊ YST Co., Ltd နှင့် Force Co., Ltd ဖိနပ်စက်ရုံတို့အား သွားရောက် စစ်ဆေးခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများမှ လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်