အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဖေဖော်ဝါရီ ၃

အလုပ်သမားဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်စေရေး၊ ဝန်ထမ်းများအချင်းချင်း ပိုမိုစည်းလုံးညီညွတ်စေရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစေရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ကားပတ်လမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးမှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တပို့တွဲလ ထမနဲ ထိုးပွဲသည် အထင်ကရအနေဖြင့် စည်ကားသည့် ရိုးရာပွဲတော် တစ်ခုဖြစ်ပြီး မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိကြကြောင်း၊ ထမနဲထိုးပြိုင်ပွဲသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ အသင်းအဖွဲ့စိတ်ဓာတ် ဖြင့် အဖွဲ့ဝင်များအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ အသင်းများအားလုံးအနေဖြင့် မိမိတို့အသင်း၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် တက်တက်ကြွကြွပါဝင်ယှဉ်ပြိုင်ကြရန်မှာကြားခဲ့သည်။

ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်း (၇)သင်းတို့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များ နှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်၍ ပျော်ရွှင်စွာ အားပေးခဲ့ကြသည်။   

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။