အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊                                                                                        ဇန်နဝါရီလ ၁၃

          အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး သည် ယနေ့နံနက်ပိုင်း တွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)စုဝေးခန်းမ၌ ကျင်းပသည့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သည့်ဌာန/အဖွဲ့များမှညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် “အလုပ် သမားရေးရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်း အချက်အလက်များ စုဆောင်းပြုစုရေး” ဆိုသည့် အချက်ပါဝင်ကြောင်း၊ “လူဦးရေနှင့် ဖွံ့ဖြိုးမှုစီမံ ကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း” ကို ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ (၂) နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများလက်စွဲစာအုပ်ကို ဝန်ကြီးဌာနအားလုံး တစ်ပြေးညီလက်ခံအသုံးပြုနိုင်ရေးနှင့်ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အလုပ်သမားဝန်ကြီးဌာန မှ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း၊

 ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေမည့်လက်စွဲစာအုပ်သည် ငွေရတုအကြိမ် (၂၅) အုပ်မြောက်ထုတ်ဝေသည့် စာအုပ်ဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှအချက်အလက်များကောက်ယူဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံး နှင့် သက်ဆိုင်လွှမ်းခြုံသော အညွှန်းကိန်းများကို ဤလက်စွဲစာအုပ်တွင် တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ လက်စွဲစာအုပ်ပါ အညွှန်းကိန်းများကိုအခြေခံ၍ နိုင်ငံ၏ခိုင်မာသော မူဝါဒများချမှတ်နိုင်ခြင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် အထောက်အကူပြုလုပ်ငန်းစဉ်အဖြစ် မိမိတို့ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက် နေပြီး၊ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများနှင့် အစိုးရဌာနများအတွက် အထောက် အကူပြုပြီး နိုင်ငံတော်တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အညွှန်းကိန်းများ ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်ဆွဲစာအုပ် ရေရှည်တည်တံ့စေရေး အဖွဲ့များဖွဲ့၍ ဆွေးနွေးသုံးသပ် အကြံပြုချက်များရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်ဆွဲစာအုပ် ၂၀၂၄-၂၀၂၅ ခုနှစ် ပြုစုနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေး၍ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။