အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                     အောက်တိုဘာ ၁၇

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်   သင်တန်းကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနား၌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

ဒုတိယဝန်ကြီးက (WCC)အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို မှတ်သား ခွင့်ရသည့်အတွက် ဥပဒေပါ အကျိုးခံစားခွင့်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လေးစားလိုက်နာရမည့် တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာ ပြဋ္ဌာန်းချက်များစသည့် ဥပဒေပါ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ် ရမည့်အချက်များကို သိရှိလိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား မြင့်မားစေမှာဖြစ်ပါကြောင်း၊

WCC အဖွဲ့ဝင်များအနေဖြင့် ဥပဒေပါ အကျိုးခံစားခွင့်များကို သိရှိခြင်းဖြင့် အငြင်းပွားမှုများ ကြုံလာလျှင် WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကို တင်ပြကာ လိုလားချက်များကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမှာ ဖြစ်ပါကြောင်း၊

အငြင်းပွားမှု လျော့နည်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား တိုးတက်စေပြီး အမှာစာ ကောင်းမွန်ကာ လုပ်ငန်းရေရှည်တည်တံ့စေပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အကျိုးစီးပွား ဖြစ်ထွန်းစေမှာဖြစ်ပါကြောင်း၊

          သင်တန်းဆင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ အနေဖြင့် စွမ်းရည်မြှင့်သင်တန်းသို့ အလုပ်သမားရေးရာဥပဒေများနှင့်စပ်လျဉ်းသည့် ဆွေးနွေးချက် များကို စုံလင်စွာသိရှိရသည့်အတွက် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အလုပ်ရှင်များ အနေဖြင့် အလုပ်သမားဥပဒေပါ အလုပ်သမားများ၏ အကျိုးခံစားပိုင်ခွင့်များကို ဥပဒေနှင့်အညီ ပေးအပ်ရန်လိုအပ်ပြီး အလုပ်သမားများအနေဖြင့်လည်း ဥပဒေပါ ခံစားခွင့်များ မရရှိပါက အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများနှင့် WCC တို့ထံ တင်ပြ၍ နှစ်ဖက် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၊ ပြေလည်မှုမရပါက သက်ဆိုင်ရာ အလုပ်သမားဌာနများသို့ ဆက်သွယ်ဆောင်ရွက်ရန်မှာကြားလို ပါကြောင်း၊ တင်ပြချက်များအပေါ် စုံစမ်းစစ်ဆေးပြီး စည်းကြပ်သည့်ဥပဒေများနှင့့််အညီ ဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်သည့်အတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်စေမည့် လုပ်ဆောင်မှုများ ရှောင်ကြဉ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုကို ဥပဒေနှင့်အညီ လုပ်ငန်းခွင်မပျက် ဖြေရှင်းဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။