၁။ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း။ လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင် ထိခိုက်မှုများအား ကာကွယ်တားဆီးနိုင်မည်ဖြစ်သဖြင့် လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စစ်ဆေးဆောင်ရွက် လျက်ရှိပြီး အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၃၁-၁-၂၀၂၅ ရက်နေ့မှ ၂၀-၂-၂၀၂၅ ရက်နေ့အထိ အလွန်ပြင်းထန်အဆင့် လုပ်ငန်းခွင်ထိခိုက်မှု (၁) မှု၊ သေဆုံးမှု (၁) မှု၊ စုစုပေါင်း လုပ်ငန်းခွင်ထိခိုက်မှု (၂) မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေ ဖြင့် လိုက်နာရန် ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမား များအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းနိုင်ရေး ၃၁-၁-၂၀၂၅ ရက်နေ့မှ ၂၀-၂-၂၀၂၅ ရက်နေ့အထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၁) ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၁၆၉) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၁၃၈) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၉) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။
၃။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှု စသည့်အခြေအနေတို့အား ကွင်းဆင်းတိုင်းတာ အကဲဖြတ်လျက်ရှိရာ ၃၁-၁-၂၀၂၅ ရက်နေ့မှ ၂၀-၂-၂၀၂၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၆၄) ရုံတွင် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၂) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်းနှင့် စက်ရုံ (၂) ရုံတွင် သတ်မှတ်ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေး တွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန် စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
၄။ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရှင် နှင့် အလုပ်သမားများ၏အသိအမြင်အား မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့်အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက်ပို့ချပေးလျက်ရှိရာ ၃၁-၁-၂၀၂၅ ရက်နေ့မှ ၂၀-၂-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် (၁၁) ကြိမ်၊ အလုပ်သမား (၂၇၅) ဦးတို့အား သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၅။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း။ စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းထားသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိ အမြင်များ တိုးတက်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ များအား သိရှိစေရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း (National Occupational Safety and Health Center- NOSHC) ၌ သင်တန်းများ ဖွင့်လှစ်ပို့ချပေး လျက်ရှိရာ ၁၀-၂-၂၀၂၅ ရက်နေ့မှ ၁၅-၂-၂၀၂၅ ရက်နေ့အထိ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်း (၂/၂၀၂၅) ကို ဖွင့်လှစ်ပို့ချခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင် (၃၀) ဦး တက်ရောက်ခဲ့ပါသည်။
၆။ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပေးအပ်ချီးမြှင့် မည့် (၆) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အစီရင်ခံသည့်ကာလအတွင်း အောက်ပါ အတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) (၆) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်ဆု နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ ခဲ့ခြင်း၊
( ခ ) ၁၉-၂-၂၀၂၅ ရက်နေ့၌ (၆) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုရွေးချယ်ရေးဆိုင်ရာ အမှတ်ပေး စည်းမျဉ်း စည်းကမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန်အတွက် ဆုရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်း၊

