နေပြည်တော် ဧပြီ ၃၀
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၁၉) ကို ၂၉-၄-၂၀၁၉ ရက်နေ့ (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် (အလုပ်သမားရေးရာ) ဦးမျိုးအောင်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ၏စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (အလုပ်သမားရေးရာ) ဦးမျိုးအောင်ကမြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (မူကြမ်း) အတည်ပြု ရေးဆွဲဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းကော်မတီ (၈)ခုနှင့် ၎င်း၏လုပ်ငန်းတာဝန်များအတည်ပြုနိုင်ရန် ရည်ရွယ်၍ ၁၂-၁၂-၂၀၁၈ ရက်နေ့တွင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်(၁၄)ခုချမှတ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်း ကော်မတီကိုအမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၉ ဖြင့် ၈-၃-၂၀၁၉ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် (အလုပ်သမားရေးရာ) ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင် (၃၄) ဦးဖြင့်ဖွဲ့စည်းပြီးဖြစ်ရာ အမျိုးသားကော်မတီ၏ အစည်းအဝေး ဆုံးဖြတ် ချက်ပါ လုပ်ငန်းကော်မတီများ၏ အသေးစိတ်စီမံချက်ကိုအမျိုးသားကော်မတီသို့ ရေးဆွဲတင်ပြ နိုင်ရေးအတွက် ယနေ့အစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊နိုင်ငံတော်အနေဖြင့်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည့် အပြင် ကလေးအလုပ်သမားနှင့်စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်မှုများကိုလည်း အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ILO Convention ဖြစ်သည့် အဆိုးရွားဆုံးပုံစံဖြင့်ကလေး အလုပ်သမားခိုင်းစေခြင်း ဆိုင်ရာပြဋ္ဌာန်းချက်အမှတ် (၁၈၂) ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ၁၈ရက်နေ့မှာ မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ထိုးခဲ့ပြီး ကလေးအလုပ်သမားနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ချုပ် (ILO)၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဟာ မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး နိုင်ငံအတွက်ကြီးမားသော စိန်ခေါ်မှုဖြစ်သည့်အပြင် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်၍ ကာလတို ဆောင်ရွက်ရန် မဖြစ်နိုင်တာကြောင့် ဆက်စပ်ကဏ္ဍပေါင်းစုံပါဝင်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မိမိနိုင်ငံ၏အခြေအနေနှင့် လျော်ညီသော အသေးစိတ် လုပ်ငန်းစီမံချက် ထွက်ပေါ် လာဖို့အရေးကြီးကြောင်း၊ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးကော်မတီ၏ အသေးစိတ် လုပ်ငန်းစီမံချက်ကို မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်း စီမံချက်ပါစောင့်ကြည့်လေ့လာခြင်းနှင့်အကဲဖြတ်ခြင်းမူဘောင်၏ စီမံကိန်းရည်မှန်းချက်၊အညွှန်းကိန်း၊ တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်းများအပေါ်အခြေခံရေးဆွဲသွားရမည်ဖြစ်ကြောင်း၊ စောင့်ကြည့် အကဲဖြတ် စိစစ်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် (၁၁)ရပ် ကိုလက်တွေ့ကျကျ ဆောင်ရွက်နိုင်သောလုပ်ငန်းစီမံချက်ကို ပြည့်ပြည့်စုံစုံ ရေးဆွဲနိုင်ရေးအတွက် တက်ရောက်လာသောသက်ဆိုင်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ မှ ကိုယ်စားလှယ်များအနေဖြင့် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း က စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများက ဌာနနှင့်အဖွဲ့ အစည်းများအလိုက်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု၊ တွေ့ကြုံ ရသည့်အခက်အခဲများကို ရှင်းလင်းဆွေးနွေးပြီးပြီးပြည့်စုံသည့်လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် ပါဝင်သင့်သည့် အချက်များ၊ ဥပဒေ၊ နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုအကြံပြုဆွေးနွေးကြသည်။

