အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဧပြီ ၂၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ပြောင်းလဲလာသော နည်းပညာကို ရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာအထူး အစီအစဉ်နှင့်ညီလာခံသို့တက်ရောက်သည်။

ညီလာခံတွင် စင်ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီး Mr.Josephine Teo နှင့်အခြားအာဆီယံနိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊အာဆီယံ၏ဆွေးနွေး ဘက် ၆ နိုင်ငံမှ ကိုယ်စားလှယ်များ၊ ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi ၊ ILO Global Commissioner ၊အာဆီယံနိုင်ငံများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမှ ဖိတ်ကြားထားသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ အခြားတာဝန်ရှိသူများတက်ရောက်ကြပြီး စင်ကာပူနိုင်ငံ၊ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးကနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက်ညီလာခံတွင် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ ပြင်ဆင် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံအလိုက် Country Statement များကို ဖတ်ကြားရှင်းလင်းကြရာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ Country Statement ကိုဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ILO ရာပြည့် အထိမ်းအမှတ်ဂုဏ်ပြုမှုအဖြစ် အာဆီယံနိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၏ အနာဂတ် အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန်ကြေညာချက် (ASEAN Statement on Future of Work) တွင် အခြားအာဆီယံ အလုပ်သမားဝန်ကြီးများနှင့် အတူပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေး ဥက္ကဌ (ALMM’s Chair) မှ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ အဆိုပါထုတ်ပြန်ကြေငြာချက်အား လွှဲပြောင်းပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ILO Global Commission ၏ “ပိုမိုတောက်ပသော အနာဂတ် အတွက် အလုပ်အကိုင် (Work for a Brighter Future)” အစီရင်ခံစာအပေါ်ခြုံငုံသုံးသပ်ခြင်း၊ အလုပ်ခွင်တွင် လူသားဗဟိုပြု အစီအစဉ်တိုးမြှင့်ခြင်းနှင့် နည်းပညာကိုလက်ခံခြင်း၊ အားလုံး ပါဝင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုကို မြှင့်တင်ရာတွင် သုံးပွင့်ဆိုင်၏ အခန်းကဏ္ဍ၊ နည်းပညာ ဖြင့်အခွင့်အလန်းများဖန်တီးခြင်း၊တက်ကြွ၍အနာဂတ်အတွက်အဆင့်သင့်ဖြစ်မည့်လုပ်သားထုမွေး ထုတ်ခြင်းစသည့် ဆွေးနွေးမှုအစီအစဉ်များတွင် ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး သည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း ILO ညွှန်ကြားရေး မှူးချုပ် Mr. Guy Ryder နှင့်တွေ့ဆုံကာ ILO ရာပြည့်အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အလုပ်သမားရေးရာကိစ္စများကိုဆွေးနွေးကြပြီးဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့အားလက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များကိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားကြရန်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၃၀-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အလုပ်သမားရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် Singapore’s Center for Domestic Employees မှတာဝန်ရှိသူများ၊ Singapore Polytechnic International PTE. LTD မှတာဝန်ရှိ သူများနှင့်တွေ့ဆုံကာ ကျွမ်းကျင်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လက်ခံတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်းသိရှိရသည်။

ထို့အတူ ၃၀-၄-၂၀၁၉ ရက်နေ့တွင်အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကိုဆက်လက် ကျင်းပမည်ဖြစ်ပြီး ASEAN Statement on Future of Work အား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုတိုက်တွန်းချက်များပေါ်ထွက်လာနိုင်ရေး ညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်ရာ ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်၍ ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။