အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဩဂုတ် ၂၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် ရာသီချိန်ပြောင်းလဲမှုအကြား အလုပ်လက်ရှိ၊ အလုပ်လက်မဲ့တို့၏ ကွာခြားမှုကို သိရှိနိုင်ရန် နှစ်စဉ်လုပ်သားအင်အားစစ်တမ်းကို တစ်နှစ်လျှင်နှစ်ကြိမ် ကောက်ယူ လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ဒုတိယအကြိမ်)     ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရန် စစ်တမ်းမေးခွန်းလွှာသင်တန်းကို ၂၇-၈-၂၀၁၈ ရက်နေ့မှ ၂၈-၈-၂၀၁၈ ရက်​နေ့ ထိ နေပြည်တော်ရုံးချုပ်တွင် ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၇-၈-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရုံးချုပ်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်အရ Seasonal Workers စာရင်းသိရှိနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ် ကြောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ကလေးအလုပ် သမားဆိုင်ရာ မေးခွန်းများထပ်တိုး ကောက်ယူမည်ဖြစ်ကြောင်း၊ စာရင်းကောက် အချက်အလက် များသည် ဝန်ကြီးဌာန အတွက်သာမက နိုင်ငံကို ကိုယ်စားပြုသည့် အချက်အလက်များဖြစ်၍ ပြည့်စုံမှန်ကန်သည့် စာရင်းဇယားရှိမှ နိုင်ငံတော်အတွက် စီမံကိန်းများချမှတ် ဆောင်ရွက်နိုင်မှာ ဖြစ်၍ စစ်တမ်းကောက်ယူမှုသည် အရေးကြီးကြောင်း၊ စစ်တမ်းကောက်ယူချိန် အခြားဌာန ဆိုင်ရာများနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်အကိုင်ဆိုင်ရာ သွင်ပြင်လက္ခဏာ များ (Employment Characteristics) ကို သိရှိနိုင်ရန်နှင့် Update စာရင်းများရရှိရန် တစ်နှစ်လျှင် ၂ ကြိမ် စစ်တမ်းကောက်ယူနေခြင်းဖြစ်ပြီး နောင်နှစ်တွင် Quarterly ကောက်ယူရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့-ILO (နေပြည်တော်) မှ တာဝန်ရှိသူများက စစ်တမ်းမေးခွန်းလွှာပါ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ စာရင်းကောက်ကွက်မြေပုံနှင့် အိမ်ထောင်စုစာရင်းစဉ်ပြုစုခြင်း၊ မေးခွန်းလွှာဖြည့်သွင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း ခွဲခြားရေးစံထားအညွှန်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင်ခွဲခြားရေး စံထားအညွှန်း စသည်တို့ကို ဆွေးနွေးပို့ချမည် ဖြစ်သည်။

သင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၆၀ ဦးခန့်တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ စာရင်း ကောက်ကွက်ပေါင်း ၇၈၀၊ အိမ်ထောင်စုပေါင်း ၁၄,၀၄၀ တွင် ကြီးကြပ်ရေးမှူး ၁၅ ဦးနှင့် စာရင်းကောက်သူ ၈၁ ဦးတို့က ၃-၉-၂၀၁၈ ရက်နေ့တွင်စတင် ကွင်းဆင်းစာရင်း ကောက်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။