၃၀-၈-၂၀၁၈ နေပြည်တော်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သည် International Labour Organization (ILO) နှင့် UN Women တို့ဖြင့် ပူးပေါင်း၍ ဘေးကင်း လုံခြုံပြီးမျှတမှုရှိသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း စီမံကိန်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ EU သံအမတ်ကြီး HE. Kristian Schmidt ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO-Yangon) မှ Liaison Officer Mr.Rory Mungoven နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ EU/ UN/ NGOs/ INGOs တို့မှကိုယ်စားလှယ်များ၊ Private Sector နှင့်အရပ်ဖက် လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲသည် ထိခိုက်လွယ်တဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှု လျော့နည်းလာစေရန် ကျား/မရေးရာ၌ စိတ်ပါဝင်စားစွာ သတိပြု ဆောင်ရွက်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှု မူဘောင်နှင့် ပိုမို ကောင်းမွန်သည့် ကာကွယ်စောင့် ရှောက်မှုများရရှိစေရန်အတွက် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါကြောင်း။
ယခုဆွေးနွေးပွဲသည် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆောင်ရွက်လျက်ရှိသည့် EU-UN Spotlight Initiative နှစ်ရှည် စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ILO အဖွဲ့နှင့် UN Women အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော အာဆီယံဒေသတွင်းအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ရပိုင်ခွင့်များနှင့်အခွင့် အရေးများရရှိစေခြင်း “Safe & Fair” စီမံကိန်း (၂၀၁၈-၂၀၂၂) ကိုမိတ်ဆက်ပေးမှာ ဖြစ်ပါကြောင်း။
Safe & Fair စီမံကိန်းသည် ကျား/မ အခြေပြု လုပ်သားများရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များဖြင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများကို ပိုမို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားများ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုလျော့နည်းလာပြီးအရည်အသွေးပြည့်ဝသည့်ဝန်ဆောင်မှုကိုအကျိုးခံစားခွင့်ရရှိစေခြင်း၊အမျိုးသမီးများ၏ပါဝင်ဆောင်ရွက်မှုနှင့်အခွင့်အရေးဆိုင်ရာအချက်အလက်၊ အသိပညာဗဟုသုတ နှင့် သဘောထားများကောင်းမွန်တိုးတက်လာစေခြင်းစသည့် ရည်မှန်းချက်များနှင့်ဆောင်ရွက်မှာ ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ သတင်းအချက်အလက် များကောက်ယူခြင်း၊ ဥပဒေနှင့်အကျိုးခံစားခွင့်များရရှိစေဖို့ ကာကွယ်စောင့်ရှောက်ခြင်းများပြုလုပ် ပေးရန်လက်ခံနိုင်ငံ၏ အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသမီးများသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက် နေသူများဖြစ်သဖြင့် အမျိုးသမီးများအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိ ခံစားစေရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ လူမှုကာကွယ်စောင့်ရှောက်မှု များရရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များရရှိခံစားရေးတို့အပြင် ၎င်းတို့သည် ထိခိုက်နစ်နာ လွယ်သူများဖြစ်ခြင်းကြောင့် ယင်းတို့ကို ကာကွယ်စောင့်ရှောက် ပေးရန် အလေးထားဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့်မိမိတို့၏အတွေ့အကြုံ၊ကျွမ်းကျင်မှု၊အသိပညာ တို့ကိုအသုံးချပြီးယခုဆွေးနွေးပွဲတွင့် စိတ်အားထက်သန်စွာ အကြံပြုဆွေးနွေးခြင်းဖြင့် ဆွေးနွေးပွဲ အတွက် အကျိုးရလဒ်ကောင်းများထွက်ပေါ်လာမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ EU သံအမတ်ကြီး HE. Kristian Schmidt ၊ UN Women မှတာဝန်ရှိသူနှင့်(ILO-Yangon) မှ Liaison Officer Mr.Rory Mungoven တို့က အသီးသီးအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ၃၀-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ ရက်နေ့ထိ ၂ ရက် ကြာကျင်းပ မည်ဖြစ်ကြောင်းသိရှိရပါသည်။
ဘေးကင်းလုံခြုံပြီး မျှတမှုရှိသော ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းစီမံကိန်းဆိုင်ရာ
ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် မှ အဖွင့်အမှာစကားပြောကြားစဉ်

