အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်၊ ဧပြီလ ၂၈ ရက်

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ ၂၀၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၅၀၀၀ ဦး မွေးထုတ်နိုင်မှု ဂုဏ်ပြုပွဲ နှင့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၈ ပိတ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း၊ Western Park (Polo Club) ၌ ၂၈-၄-၂၀၁၈ ရက်နေ့ ၁၈:၀၀နာရီတွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး၊ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ “စံ” သတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးကော်မတီမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊အလှူ ရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်း၊ သက်ဆိုင်ရာ အလုပ်အကိုင်များမှ Chief Assessors များ နှင့် ဆုရရှိ သူ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့်် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်အကိုင် (၁၈) မျိုးတွင် ကျွမ်းကျင်လုပ်သား ၅၈၅၅ ဦး ကို စိစစ်၍ ၅၁၆၄ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၆-၈-၂၀၁၈ ရက်နေ့မှ ၅-၉-၂၀၁၈ ရက်နေ့ကျင်းပမည့် “ ၁၂ ကြိမ်မြောက်အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ” တွင်ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အသွေးပြည့်မီသော မြန်မာကျွမ်းကျင်လူငယ်များရရှိရန်၊ “မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၈” ကို နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၁၇-၃-၂၀၁၈ ရက်နေ့မှ ၁၁-၄-၂၀၁၈ ရက်နေ့ထိကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သားစျေးကွက် လိုအပ် ချက်နှင့်ကိုက်ညီသော အလုပ်အကိုင် (၁၈) မျိုးတွင် ကျွမ်းကျင်လုပ်သား ၅၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့မှုကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) သည် လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများရရှိရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော လုပ်ငန်းအခြေပြု အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” နှုန်းများ ပေါ်ထွက်လာစေရန်၊ ကျွမ်းကျင်မှု “စံ” နှုန်းများ အခြေခံသော သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ လုပ်ငန်းရှင်များ သဘောကျလက်ခံနိုင်သော ကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသော အမျိုးသားအဆင့် အရည်အသွေး မူဘောင် ခိုင်မာစွာပေါ်ထွန်းလာစေရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ Stakeholders များအပါအဝင် လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်သားထု၏ အားထုတ်ကြိုး ပမ်းမှုတို့သည် များစွာ “အား” ဖြစ်စေကြောင်း ပြောကြားပါသည်။

NSSA သည် လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများ ကျွမ်းကျင်မှုအဆင့် အသိအမှတ်ပြုနိုင် ရန် အလေးထားဆောင်ရွက်လျက်ရှိပြီး လုပ်သားများ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ ခံစားရရှိ၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး Public Private Partnership (PPP) ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲအတွင်း ဒေသတွင်းနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းအလိုက် အသက် (၂၂) နှစ်အောက် လူငယ်များကို မြန်မာကျွမ်းကျင်မှုပြိုင်ပွဲကျင်းပ၍ ဦးစားပေး ယှဉ်ပြိုင်စေခြင်းဖြစ်ကာ ထူးချွန်လူငယ်များ ရွေး ချယ်၍ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်ရန် ဆက်လက်၍ စခန်းသွင်း လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။