ရန်ကုန်မြို့၊ ဧပြီလ ၂၈ ရက်
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO)တို့ ပူးပေါင်း၍ မြန်မာ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ အခမ်းအနားနှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုရ စက်ရုံ များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Hotel Yangon တွင် ၂၈-၄-၂၀၁၈ ရက်နေ့၊ (၁၃၀၀) နာရီမှ (၁၇၀၀) နာရီထိ ကျင်းပခဲ့ပါသည်။< /p>
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဦးစီးဌာန ၊ အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများ၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုရစက်ရုံများနှင့် ဆုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံများမှ ကိုယ်စား လှယ်များ၊ ကုန်ထုတ်လုပ်ငန်းအသီးသီးမှ အလုပ်သမားများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဧပြီလ (၂၈) ရက်နေ့သည် ကမ္ဘာ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အဖြစ် သတ်မှတ်၍ လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိမှု၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါ ခံစားရမှုများကြောင့် သေဆုံးခဲ့ရသည့် အလုပ်သမားများ အတွက် အမှတ်ရစေရန် အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများက ၁၉၉၆ ခုနှစ်ကစပြီး ကျင်းပလာခဲ့ခြင်း ဖြစ် ကြောင်း၊ ၂၀၀၃ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က ပူးပေါင်း ပါဝင်ခဲ့ပြီး ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး နေ့အဖြစ် ပြောင်းလဲကျင်းပ ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် မြန်မာ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးနေ့ကို စတင်ကျင်းပခဲ့ကြောင်း၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကို ဦးစားပေး ဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ ဂေဟစနစ် ပျက်စီးခြင်း အပါအဝင် အလုပ် သမားများ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါ ခံစားရ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း သာဓကများအရ ကြားသိနေရကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံအား ဖွံ့ဖြိုး အောင် ဆောင်ရွက်ရာတွင် အလားတူ ထိခိုက်မှု၊ သက်ရောက်မှုများ မရှိစေရန် အတတ်နိုင်ဆုံး ကြိုးပမ်း လုပ်ဆောင်သွားရန်လိုကြောင်း၊ မကြာမီကာလတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ပြည့်စုံကောင်းမွန်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးစနစ် တည်ထောင်နိုင်တော့မှာ ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အစိုးရ အပြင် အလုပ်ရှင်၊ အလုပ်သမားနှင့် အခြား stakeholder များရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် များစွာ အရေးပါကြောင်း၊ ယနေ့ ဆွေးနွေးမည့်အကြောင်းအရာများကို မိမိတို့ရဲ့ လုပ်ငန်းခွင်တွင် အသုံးချခြင်း ဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေး ဆန္ဒပြုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)၊ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Rory Mungoven က အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်မှ ဒုတိယအကြိမ်မြောက် ချီးမြှင့်သည့် ASEAN-OSHNET Excellence Award ဆုရ UPG အိမ်သုတ် ဆေးစက်ရုံနှင့် Best Practices Award ဆုရ Unilever (Myanmar) စားသောက်ကုန်နှင့် အလှကုန် ပစ္စည်းစက်ရုံတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံများကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

