နေပြည်တော် ဩဂုတ် ၂၉ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက် များကိုအခြေခံ၍ အသေးစိတ်ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်းများ ပြုစုထုတ်ပြန်လျက် ရှိရာ ယခုလေ့လာပြုစုပြီးဖြစ်သည့် မသန်စွမ်းမှုအကြောင်းအရာ လေ့လာခြင်းစာတမ်းအား ဩဂုတ်လ (၂၉) ရက်နေ့ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းသုတေသနစာတမ်းတွင် မသန်စွမ်းမှုအခြေအနေ၏ ယေဘုယျအကြောင်းအရာများ၊ အိမ်ထောင်ရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အိမ်အသုံးအဆောင်ပစ္စည်းများစသည့် ကဏ္ဍများကို မသန်စွမ်းမှုအခြေအနေအလိုက် လေ့လာသုံးသပ်တင်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ လူဦးရေအနက် (၂.၃)သန်း၊ (၄.၆)ရာခိုင်နှုန်းသည် မသန်စွမ်း အမျိုးအစားလေးမျိုးအနက် အနည်းဆုံးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော မသန်စွမ်းမှုများ ရှိနေကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မသန်စွမ်းမှုနှုန်းအမြင့်ဆုံး ဖြစ်၍ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မသန်စွမ်းမှုနှုန်း နည်းပါးကြောင်းတွေ့ရှိရပြီး မသန်စွမ်းသူ(၇၀.၁)ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင် ကြောင်းဖော်ပြထားသည်။
ပညာရေးအခြေအနေကို လေ့လာရာတွင် မသန်စွမ်းသူ အမျိုးသား (၁၆.၉) ရာခိုင်နှုန်းနှင့် အမျိုးသမီး (၃၁.၇) ရာခိုင်နှုန်းတို့သည် စာမတတ်သူများဖြစ်ကြပြီး မသန်စွမ်းသူအမျိုးသား (၂၆.၈) ရာခိုင်နှုန်းမှာ လုံးဝကျောင်းမနေဘူးသူများဖြစ်၍ (၂၃.၉) ရာခိုင်နှုန်းသာ အလယ်တန်းနှင့် အထက်တန်းပြီးစီးအောင်မြင်သူများ ဖြစ်ကြောင်းတွေ့ရှိရသည်။
အဆိုပါစာတမ်းတွင် ပြုစုဖော်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက် များသည် မြန်မာနိုင်ငံ၏နေထိုင်မှု ဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည် သည့် စီမံကိန်းများအတွက် အထောက်အကူဖြစ်စေ၍ မသန်စွမ်းသူများအကြောင်းအရာနှင့် ပတ်သက်၍ သုတေသနလုပ်ငန်း ဆောင်ရွက်နေသူများအတွက်လည်း များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြုစုထုတ်ပြန်ပြီးဖြစ်သော သန်းခေါင်စာရင်း ဆိုင်ရာ အစီရင်ခံစာများ၊ သုတေသနစာတမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဌာန ၏ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိ သည်။ (-)

