အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ၂၈ ဩဂုတ်လ ၂၀၁၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုမှ အလုပ်အကိုင် အပေါ် အကျိုးသက်ရောက်မှုအားကောင်းလာစေရေး စီမံကိန်း၏ မူဝါဒဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို ၀၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပြီး ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် ILO Liaison Office (Yangon) မှ Liaison Officer Mr. Rory Mungoven တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့သည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ စီမံကိန်း မူဝါဒဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသည့်ဧည့်သည်တော် များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် စီမံကိန်း မူဝါဒဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ International Trade Center မှ Mr. Cristian Ugarte Romero က မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အတွက် အလားအလာ ရှိသော ပို့ကုန်ကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက သဘာပတိအဖြစ် ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အတွက် အလားအလာရှိသော ဦးစားပေး ပို့ကုန်ဆိုင်ရာ လုပ်ငန်းကဏ္ဍကို ရွေးချယ်သတ်မှတ်ခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုမှ အလုပ်အကိုင်အပေါ် အကျိုးသက်ရောက်မှု အားကောင်း လာစေရေး စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အလုပ်အကိုင် မူဝါဒတို့အားချိတ်ဆက်၍ကုန်သွယ်မှုမှ အရေအတွက်နှင့် အရည်အသွေးရှိသည့် အလုပ်အကိုင်များ ဖန်တီးနိုင်စေရေး၊ကုန်သွယ်မှုနှင့် ကဏ္ဍဆိုင်ရာမူဝါဒ အစီအစဉ်များ စိစစ်သုံးသပ် ချမှတ်နိုင်ရေး အတွက် နိုင်ငံ၏စွမ်းဆောင်ရည်အားကောင်း စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းကို ၂၀၁၇-၂၀၁၉ ခုနှစ် နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။