အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဩဂုတ် ၂၄ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက် များကိုအခြေခံ၍ အသေးစိတ်ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း(၁၃)စောင်နှင့် သန်းခေါင် စာရင်းရလဒ်မြေပုံများကိုပြုစုလျက်ရှိပြီး နိုင်ငံတော်၏စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရာ တွင် အထောက်အကူဖြစ်စေရေးအတွက် ဆန်းစစ်လေ့လာပြုစုပြီး စာတမ်းများကို အဆင့်ဆင့် ထုတ်ပြန်ပေးလျက်ရှိရာ ယခုအခါဆန်းစစ် လေ့လာပြုစုပြီးဖြစ်သည့် ကျား/ မ အလိုက် ခွဲခြား လေ့လာခြင်းစာတမ်းကို သြဂုတ်လ (၂၄) ရက်နေ့ ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းသုတေသနစာတမ်းသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း၏ အချက်အလက်များကို အသုံးပြု၍ ကျား/ မ ရှုထောင့်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း၊ လူဦးရေဆိုင်ရာ ခြုံငုံသုံးသပ်ခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်ထောင်စုနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ကဏ္ဍများကို ကျား/ မ အလိုက်လေ့လာသုံးသပ် တင်ပြထားခြင်းဖြစ်သည်။
ယင်းသုတေသနစာတမ်းတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိပြီး အမျိုးသမီး(၁၀၀)ဦးတွင် အမျိုးသား (၉၃)ဦးရှိကြောင်း ဖော်ပြထားပြီး တိုင်းဒေသကြီး/ ပြည်နယ် အားလုံးနီးပါးတွင် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိကြောင်းနှင့် ကချင်ပြည်နယ် တစ်ခုတည်း တွင်သာ အမျိုးသားဦးရေပိုမိုများပြားကြောင်း ဖော်ပြထားသည်။
အသက်အုပ်စုအလိုက် ခွဲခြားလေ့လာရာတွင် အသက်ကြီးလာသည်နှင့်အမျှ အမျိုးသမီး အချိုး ပိုမိုမြင့်မားလာသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံတွင် မုဆိုးဖို (၃)ရာခိုင်နှုန်းသာရှိသော်လည်း မုဆိုးမ(၁၀)ခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်။ ဤသို့ဖြစ်ရခြင်းမှာ မျှော်မှန်းသက်တမ်းနိမ့်ခြင်း၊ တစ်နည်းအားဖြင့် အမျိုးသားသေဆုံးနှုန်း မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပညာရေးအခြေအနေကိုလေ့လာရာတွင် အခြေခံပညာအဆင့်တွင် ကျား/ မ ကွာခြားမှု မသိသာသော်လည်း ဘွဲ့ရနှင့်ဘွဲ့လွန်အဆင့်တွင် အမျိုးသမီးဦးရေ ပိုမိုများပြားကြောင်းတွေ့ရှိရပြီး အမျိုးသမီးပညာတတ် အရေအတွက် များပြားသော်လည်း အမျိုးသမီးများ၏ (၄၈)ရာခိုင်နှုန်းသာ အလုပ်လုပ်ကိုင်ကြကြောင်း သိရှိရသည်။
၂
အဆိုပါစာတမ်းတွင် ပြုစုထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက်များ သည် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည်သည့် စီမံကိန်းရေးဆွဲမှုများအတွက် အထောက်အပံ့ဖြစ်သကဲ့သို့ ကျား/ မ ဆိုင်ရာ သုတေသန လုပ်ငန်း ဆောင်ရွက်သူများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပြီး၊ ကျန်ရှိသော အသေးစိတ် သုတေသနစာတမ်းများကိုလည်း ပြုစုလျက်ရှိကြောင်းနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန် ပြီးဖြစ်သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာ များ၊ သုတေသနစာတမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဌာန၏ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သတင်းရရှိ သည်။ (-)