နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပသည့် National ID ကတ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၃)ရက်နေ့၊ ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ဘဏ်မှ လူမှုကာကွယ်စောင့်ရှောက်ရေး အရာရှိ Mr. Robert J. Palacios နှင့် National ID ကတ်ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ဆွေးနွေးပွဲ တက်ရောက်ကြမည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းလမ်းကြောင်းပေါ်တွင် National ID စနစ်ကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်တော်များများ၌ ၎င်းတို့၏နိုင်ငံသားများကို လုံခြုံစိတ်ချရပြီး လျင်မြန်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သော ID ကတ်များကို အသုံးပြုနိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိနိုင်ငံတွင်လည်း National ID လုပ်ငန်းကို မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်နေသော စက္ကူကတ်မှတ်ပုံတင်စနစ်မှ ကမ္ဘာ့ အဆင့်မီထိန်းသိမ်းကိုင်တွယ်အသုံးပြုနိုင်သော National ID ကတ်ဖြစ်စေရေး စီစဉ်ဆောင်ရွက် နေပါကြောင်း၊ National ID သည် အမျိုးသားလုံခြုံရေး( National Security) အတွက် အဓိက ကျသည့်အတွက် စနစ်တကျဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသား များ၏ ကိုယ်ရေးအချက်အလက်များကို တိကျစွာကောက်ယူခြင်း၊ လုံခြုံစွာစုဆောင်းသိမ်းဆည်း ခြင်း၊ Update to date ဖြစ်ရန်နှင့် အချက်အလက်များအမှားအယွင်းမရှိစေရန် ဆောင်ရွက်ခြင်း၊ ခိုးယူသုံးစွဲမှုမရှိစေရေးအတွက် ကာကွယ်ခြင်းစသည့်လုပ်ငန်းစဉ်များကို အလေးဂရုပြုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ID ကတ်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများမှ လာရောက်ရှင်းလင်းပြသမှုများရှိရာ ယင်းရှင်းလင်းပြသမှုများအပေါ်မူတည်၍ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်၍ မိမိနိုင်ငံနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီဖြစ်စေမည့်စနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် World Bank ၏ ပူးပေါင်းကူညီမှုဖြင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင် များက National ID ကတ်နှင့်ပတ်သက်သည့် ၎င်းတို့၏အတွေ့အကြုံ၊ ဗဟုသုတများကို လာရောက် မျှဝေပေးခြင်းကြောင့် မိမိတို့ဆောင်ရွက်မည့် National ID ကတ်လုပ်ငန်းစဉ်အတွက် များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ကျွမ်းကျင်ပညာရှင်များ၏ ID ဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံ မျှဝေဆွေးနွေးမှုများအပေါ် စိတ်ဝင်တစား လေ့လာကြရန်နှင့် သိရှိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးလေ့လာမှတ်သား ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်မှ လူမှုကာကွယ်စောင့်ရှောက်ရေး အရာရှိ Mr. Robert J. Palacios က National ID ကတ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်(၃၃)ဦး တက်ရောက် ကြပြီး ကမ္ဘာ့ဘဏ်အဖွဲ့မှ ကျွမ်းကျင်ပညာရှင်(၁၀)ဦးက National ID စနစ်နှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲလာမှုများ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ National ID စနစ် ဆောင်ရွက်မှု အတွေ့အကြုံများနှင့် မြန်မာနိုင်ငံမှ ရွေးချယ်ဆောင်ရွက်နိုင်မည့် National ID စနစ် နည်းလမ်းများစသည့် နိုင်ငံတကာ အတွေ့အကြုံများနှင့်ယှဉ်၍ အတွေ့အကြုံဖလှယ်မျှဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


