နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson အား (၁-၂-၂၀၁၇) ရက်နေ့၊ ယနေ့ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပြီး ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ အဆင့်အလိုက်ထုတ်ပြန်ဆောင်ရွက်မှု၊ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံသည့် အသေးစိတ်လေ့လာဆန်းစစ်သည့် သုတေသနစာတမ်းများ ရေးသားပြုစုထုတ်ပြန်မှုနှင့် မြို့နယ်အဆင့် အစီရင်ခံစာများ ရေးသားပြုစုထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှု၊ သန်းခေါင်စာရင်းမှ ရရှိသော လူမျိုးစာရင်းထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်မှုများတွင် UNFPA မှ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


