ရန်ကုန် ဇန်နဝါရီ ၂ ရက်
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား အမျိုးသား အီလက်ထရောနစ်မှတ်ပုံတင်လုပ်ငန်း Smart Card ဖြင့် National Electronic ID (NeID) ပြောင်းလဲထုတ်ပေးရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရ၏ e-Government Master Plan တွင် အဓိက ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လိုအပ်သည်များကို အသေးစိတ်လေ့လာ လုပ်ဆောင်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ National Electronic ID (NeID) အထောက်အကူပြု စာရင်း ကောက်ယူခြင်း လုပ်ငန်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၂)ရက်၊ နံနက်ပိုင်းက ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ သီရိရတနာဓမ္မာရုံကြီး၌ ပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ အင်းစိန်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းပါ အမည်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ကို ခေတ်မီ IT နည်းပညာများ အသုံးပြု၍ လုပ်ဆောင်ပေးကြသည်။
အဆိုပါ NeID အထောက်အကူပြုရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အင်းစိန်မြို့ နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်၍ လုပ်ငန်းဆောင်ရွက်ပေးမှု အခြေအနေ များကို မေးမြန်းဆွေးနွေးကာ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယခုအခါနေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်တို့တွင် NeID အထောက်အကူပြု စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများ အပေါ် မူတည်၍ အားနည်းချက်၊ အားသာချက်များ ပြန်လည် ဆန်းစစ် လေ့လာ သုံးသပ်ကာ လိုအပ်သည်များ ပြင်ဆင်ပြီး အခြား တိုင်းဒေသကြီး/ပြည်နယ်များ၌လည်း အဆိုပါရှေ့ပြေး စမ်းသပ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

