နေပြည်တော်၊ ဇန်နဝါရီ ၉။
ရခိုင်ပြည်နယ်အတွင်း National Electronic ID (NeID) အထောက်အကူပြုစာရင်း ကောက်ယူခြင်းလုပ်ငန်းသင်တန်းကို ဇန်နဝါရီလ(၈)ရက်၊ နံနက်(၉)နာရီက စစ်တွေမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင် တက်ရောက် အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်နှင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ဦးစီးမှူးရုံးများမှ စုစုပေါင်းဝန်ထမ်း(၄၄)ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက NeID အထောက်အကူပြု စာရင်းကောက်ယူနိုင်ရေးအတွက် IT နည်းပညာ အသုံးပြုကောက်ယူခြင်း လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ သင်ကြားပြသကြသည်။
ဇန်နဝါရီလ(၉)ရက်၊ နံနက်(၉)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း National Electronic ID (NeID) အထောက်အကူပြုစာရင်း ကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်းကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျေးပင်ကြီးရပ်ကွက်မှ ပြည်သူများအား တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပါအမည်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ဓါတ်ပုံရိုက်ခြင်းတို့ကို ခေတ်မီ IT နည်းပညာများအသုံးပြု၍ လုပ်ဆောင်ပေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ စည်ပင် သာယာရေးဝန်ကြီး ဦးမင်းအောင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်နှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုကြ၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းရှေ့ပြေးစမ်းသပ်ကောက်ယူခြင်းလုပ်ငန်းစဉ်အား နေပြည်တော်ကောင်စီ၊ ပုဗ္ဗသိရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တို့၌လည်း ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယနေ့ဆောင်ရွက်ရာတွင် ကျေးပင်ကြီးရပ်ကွက်မှ ဒေသခံပြည်သူ (၁၆၂)ဦးအား NeID ရှေ့ပြေးစမ်းသပ်ကောက်ယူနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း NeID ရှေ့ပြေးစမ်းသပ် ကောက်ယူခြင်းလုပ်ငန်းများ အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



