အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ်(MOEAF) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့သည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ ဒုတိယဥက္ကဋ္ဌ-၁၊ ဒုတိယဥက္ကဋ္ဌ-၂နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံအလိုက်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေနှင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေသည့်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီများက မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအချင်းချင်း စည်းစည်းလုံးလုံး ဆောင်ရွက်ကြစေလိုကြောင်း၊

၂၃-၈-၂၀၂၃ ရက်နေ့အထိ လက်ရှိဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခု နှင့် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၀ ခု ရှိ ကြောင်း၊ ထိုင်းနိုင်ငံရှိ (၄) နှစ်ပြည့် MoU အလုပ်သမားများ MoU U-Turn စနစ်ဖြင့် ပြန်လည် စေလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မန္တလေး တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတို့တွင် ပို့ချလျက်ရှိရာ ထိုင်းနိုင်ငံသို့ သွားရောက်မည့်အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကို ၄-၇-၂၀၂၃ ရက်နေ့မှစ၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် လမ်းညွှန်သင်တန်းပို့ချမှုများကိုလည်း ၁၃-၇-၂၀၂၃ ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊

သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိလျှင် အလုပ် သမားများ၏ တိုင်ကြားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုသို့မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် သည့်အနေနှင့် အေဂျင်စီများက အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အလုပ်သမား များကို အချိန်မီစေလွှတ်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာအေဂျင်စီများ၏ စာချုပ်ချုပ်ဆိုပြီးသော အလုပ်သမားများစေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ်များကို ဝန်ကြီးဌာနမှ လက်ခံသွားမည် ဖြစ်ကြောင်း၊

MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့်ပတ်သက်ပြီး ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေး၊ နိုင်ငံစီးပွားတိုးတက်ရေးတို့အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများက မိမိတို့စေလွှတ်သည့် အလုပ်သမားများ အနေဖြင့် ၎င်းတို့၏ မိသားစုထံ တရားဝင်လမ်းကြောင်းမှ ငွေလွှဲပို့နိုင်ရေး ရှင်းလင်းပြောကြား ပေးစေလိုကြောင်း၊

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်း သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်လိုကြောင်း၊  အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာသို့သတင်းပို့၍ အချိန်နှင့်တစ်ပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် မိမိတို့ စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အခက်အခဲများ ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်း အတွင်းဝန်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန် အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ပြေလည် အောင်ဖြေရှင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။