အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ခဲ့ရာ အလုပ်သမား အများစုသည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏ လျှောက်ထားပေးခြင်းအရသော်လည်းကောင်း၊ အေဂျင်စီများဖြင့် အဆက်အသွယ် မရှိခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်အမျိုးအစား Visit Passport ဖြင့်သာ လျှောက်ထား၍ သွားရောက်ခဲ့ကြပါသည်။
အလုပ်သမားများသည် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင် ပြီး ဗီဇာသက်တမ်းတိုးပါက Visit Passport ဖြင့်သွားရောက်သူများသည် သက်တမ်းတိုးရန် အခက်အခဲရှိသလို ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ခွဲခြားရန် ခက်ခဲမှု ရှိပါသဖြင့် အလုပ်သမားများနှင့် ခရီးသွားသူများကို စိစစ်နိုင်ရန်အတွက် နောင်တွင် အလုပ်သမားစေလွှတ်မှုများအား Job Passport များဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အလုပ်သမားများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား Job Passport ဖြင့် လျှောက်ထားရာတွင် အခက်အခဲရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီမှတစ်ဆင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သွားရောက် ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအား ၁-၁-၂၀၁၇ ရက်နေ့မှစ၍ Job Passport ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားထားပါကြောင်း သတင်းရရှိပါသည်။

