အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   အောက်တိုဘာ ၃

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း၌ ကျင်းပသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၆/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် အမျိုးအစားများအား ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ အသိအမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း၊  ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရေး သင်တန်းမှ ရရှိလာသည့် အသိအမြင်နှင့် အတွေ့အကြုံများကို လက်တွေ့အသုံးချရန်လိုကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာကော်မတီဝင် များအနေဖြင့် လုပ်ငန်းခွင်၌ အလင်းရောင်၊ အပူချိန်၊ အသံ၊ အခိုးအငွေ့များနှင့်စပ်လျဉ်း၍ လုပ်ငန်းခွင် ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သည့် လုပ်ငန်းခွင်များကို ဖော်ဆောင်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လစဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် သင်တန်းအမှတ်စဉ် (၁၇/၂၀၂၅) နှင့် (၁၈/၂၀၂၅) တို့ကို ဖွင့်လှစ် သွားမည်ဖြစ်သည်။

          မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဦးစီးဌာန၊ အဖွဲ့များမှ တာဝန်ခံများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Opal အထည်ချုပ်စက်ရုံ၊ Yangon Nadia Pacific Clothing Co.,Ltd အထည်ချုပ်စက်ရုံ ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Step Gao Mei Co., Ltd အထည်ချုပ် စက်ရုံ နှင့် Myanto Industrial Co., Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှု များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များလမ်းညွှန်မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။