အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ဇန်နဝါရီ ၂၆

အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်ခဲ့ပြီးသည့် (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန၏ စုဝေးခန်းမတွင် ကျင်းပခဲ့သည်။

          အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အထူးဖိတ်ကြားထားသည့် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်း ဖြစ်သည့်အတွက် ဇန်နဝါရီလ (၄) ရက်နေ့ကို ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ် ခဲ့ပြီး ယခင်ကလည်း နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၄-၁-၂၀၂၃ ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်၍ ကြုံတောင့်ကြုံခဲ သမိုင်းမှတ်တမ်းကျန်ရှိမည့် စိန်ရတုနှစ်ပတ်လည်နေ့ အခါသမယနေ့ဖြစ်ပါကြောင်း၊

စိန်ရတုနှစ်ပတ်လည်နေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏ ဖြတ်သန်း လျှောက်လှမ်းခဲ့မှုများအပေါ် အမှတ်တရဖြစ်စေပြီး တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မှုများအား သုံးသပ်၍ ဝမ်းသာပီတိဖြစ်စေရန်၊ စိန်ရတုမှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှုများစွာဖြင့် ထာဝရရှင်သန်နိုင်စေရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစုသဖွယ် နွေးထွေးစွာ၊ စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မပျက် ခရီးဆက်နိုင် ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေးဦးတည်ချက် တွင် “ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဆိုသည့် အချက် ပါရှိပြီး ဝန်ကြီးဌာနသည် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်” နှင့်အညီ မြန်မာနိုင်ငံ၌ အရည်အချင်း ပြည့်ဝသော လုပ်သားအင်အားထုဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေး ရည်မှန်းချက်များ၊ မူဝါဒများ ချမှတ် ထားရှိပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်အမျိုးသားစီမံကိန်းများကို ရေးဆွဲလျက် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းပြည်ပအလုပ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များကို မှန်ကန်စွာခံစားရရှိစေရေး၊ လုပ်သားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးပြီး သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အလုပ်လက်မဲ့ပြဿနာလျော့ပါးစေရေး၊ အလုပ်သမားထု၏ လူမှုဘဝ ကာကွယ်စောင့်ရှောက်ပေးရေး စသည့်ကိစ္စရပ်များကို အဓိကထားဆွေးနွေး၊ တိုင်ပင်၊ ဆုံးဖြတ်၍ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊

ဝန်ကြီးဌာန၏ မျှော်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် ဦးစီးဌာန၊ အဖွဲ့ရုံး အသီးသီး တို့က ရည်မှန်းချက်များ ချမှတ်ပြီး အလုပ်ရှင်၊ အလုပ်သမားထုတစ်ရပ်လုံး ယုံကြည်လေးစား အားကိုးသည့် ဌာနတစ်ခု ဖြစ်လာစေရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊

          စွမ်းဆောင်ရည်ထက်မြက်သည့် ဝန်ကြီးဌာနတစ်ခုဖြစ်စေရေးအတွက် အဓိကလိုအပ်ချက် များဖြစ်သည့် ဝန်ထမ်းများ၏ စိတ်ဓါတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝစေရေး Capacity Building တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်ကြိုးစားမှုဖြင့် ရာထူးအဆင့်ဆင့်တိုးမြှင့်ပေးခြင်း၊ အရေးယူ သင့်သူကို အရေးယူခြင်း၊ တာဝန်ရှိသူများကိုယ်တိုင် အရည်အသွေးမြင့်မားရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန် ကြိုးစားရင်း အောက်ခြေအဆင့်ဆင့်အပေါ်တွင် ခေါင်းဆောင်မှုကောင်း စံနမူနာပြ ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊

          စိန်ရတုနေ့မှသည် ရှေ့ဆက်လက်၍ စိတ်သစ်၊ လူသစ်၊ စွမ်းအားသစ်များနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးတို့အတွက် မိမိတို့ ဌာနအချင်းချင်း၊ ဝန်ထမ်းအချင်းချင်း စိတ်ကောင်းစေတနာကောင်းဖြင့် ဟန်ချက်ညီညီ ပေါင်းစည်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် Synchronizing Manpower နှင့်အညီ  ကြိုးစားဆောင်ရွက် သွားခြင်းဖြင့် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်ရေး စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် ဝန်ကြီးဌာန၏ သမိုင်းကြောင်းအကျဉ်းအား Video Clip ဖြင့် တင်ဆက် ပြသခြင်း၊ အထူးဧည့်သည်တော် အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များအား ဂုဏ်ပြုလက်ဆောင်များ လက်ရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းတက်အရာရှိကြီး (၃) ဦး၊ ဆောင်းပါးရေးသားပြုစုသူ (၁) ဦး၊ သင်တန်းထူးချွန်ဆု ရရှိသူ (၁၅) ဦး၊ ထူးခြားစွမ်းဆောင်နိုင်ဆုရရှိသူ (၅)ဦး၊ (၁၅) ကြိမ်နှင့်အထက် သွေးလှူရှင် (၁၆)ဦးနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူ (၁၀)ဦးတို့အား ဌာနအကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

          အစီအစဉ်အရ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အထူးဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ခြင်း၊ တေးသရုပ်ဖော်အကများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပါသည်။