အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်
ဇွန် ၂၄

          အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။

          သင်တန်းဆင်းပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဆိုင်ရာ ရုံးချုပ်နှင့် နေပြည်တော်ကောင်စီနယ်မြေမှ အရာထမ်း၊ အမှုထမ်း ၅၈ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် မြို့နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်း ၄၂ ဦး Virtual System ဖြင့် တက်ရောက်ကြသည်။

          ဒုတိယဝန်ကြီးက ၁၀ ရက်တာ ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် ဦးစီးဌာန၏ ရည်မှန်းချက်နှင့် ဌာနတွင် စည်းကြပ် အကောင်အထည်ဖော်နေသော ဥပဒေ၊ နည်းဥပဒေများ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ပို့ချခဲ့ကြောင်း။

          အရာထမ်း၊ အမှုထမ်းများအနေဖြင့် သင်တန်းတွင် သင်ယူလေ့လာခဲ့မှုများကို လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချ၍ ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရန် စနစ်တကျ အကောင်အထည် ဖော်ပြီး စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများမှ မိမိတို့ကို ယုံကြည်ကိုးစားစိတ် ရှိစေရန် စစ်ဆေးရေးမှူးများ၏ ပုံရိပ်ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။

          အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ခံစားရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါခံစားရရှိမှု လျော့နည်းကျဆင်းရန် စည်းကြပ်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အထောက်အကူပေးရန်လိုကြောင်း။

          ပုံမှန်စစ်ဆေးခြင်း၊ ပြန်လည်စစ်ဆေးခြင်း၊ အထူးစစ်ဆေးခြင်း၊ လျှပ်တပြက်စစ်ဆေးခြင်း၊ တုံ့ပြန်စစ်ဆေးခြင်းတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း။

          စစ်ဆေးပြီးနောက် လုပ်ငန်းရှင်များမှ ပြုပြင်လိုက်နာဆောင်ရွက်ရန် အချက်များကို သတ်မှတ်အချိန်ကာလအတွင်း လိုက်နာဆောင်ရွက်စေပြီး ပြန်လည်တင်ပြချက်များနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ အထောက်အကူဖြစ်စေရန် စက်မှုလုပ်ငန်းခွင် ဆက်ဆံရေးဆိုင်ရာ အချက်အလက်များ မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်း။

          အရာထမ်း၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ၍ ပေးအပ်သည့်လုပ်ငန်း တာဝန်များကို အထက်အကြီးအကဲများမှ ကွပ်ကဲမှု အနည်းဆုံးဖြင့် ထမ်းဆောင်ရမည်ဖြစ်ကြောင်း။

စစ်ဆေးရေးမှူးများတွင် ရှိရမည့် အသိပညာ၊ လုပ်ငန်း ကျွမ်းကျင်မှု၊ စူးစိုက်လုပ်ကိုင်တတ်မှု၊ ထိုးထွင်းဆောင်ရွက်တတ်မှုကို   ဘက်လိုက်ခြင်းမရှိဘဲ လုပ်ငန်းခွင်တွင်  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ယုံကြည် ကိုးစားမှုရယူပြီး ဦးစီးဌာန၊ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ မြှင့်မားစေရေး အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြား ခဲ့ပါသည်။