အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဒီဇင်ဘာ လ ၁၇  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ၏အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉) ကို ၁၇-၁၂-၂၀၁၉ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေနှင့် အလုပ် သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းချက်များချမှတ်ပြီး တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်ရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်း သွားလာမှုဖြစ်ပေါ်ရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရေး အစရှိသည့် ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံး ဝင်လာ စေရန် မဟာဗျူဟာရည်မှန်းချက်တစ်ရပ်ချမှတ်ပြီး ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနဲ့အညီ ၁၉၅၆ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် (၆၄) နှစ် ပြည့်တော့မှာဖြစ်ပါကြောင်း၊ ၁၉၅၄ ခုနှစ် ဥပဒေအကောင် အထည်ဖော်ပြီး (၅၈) နှစ် အကြာတွင် အာမခံအလုပ်သမားများအား ပိုမိုထိရောက်သော အကျိုးခံစားခွင့်များပေးနိုင်ရန် အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ရေးဆွဲပြီး ၁-၄-၂၀၁၄ ရက်နေ့မှစ၍ ဥပဒေသစ် ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၆) နှစ် ပြည့်မြောက်တော့မှာဖြစ်ပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော အရည်အသွေး ပြည့်မှီသည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ် ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ပြုပြင်ပြောင်းလဲမှု (၄)ရပ်ကို ILO အပြင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ နည်းပညာအကူအညီရယူပြီး အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ကျင့်သုံးနေ သည့် Provider Purchaser Split (PPS) စနစ်ကို အကောင် အထည်ဖော်ဖို့ Pilot စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ခဲ့ရာ၌ ယခုဆိုလျှင် Pilot ဆေးခန်း (၇) ခန်းကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပြီး၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ် (IFC)၏ နည်း ပညာအကူအညီရယူကာ ဆောင်ရွက်နိုင်ရေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးစီမံကိန်းအရ ပြည်ပမှာရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ အပြည့်အဝရရှိစေဖို့အတွက် (၂)နိုင်ငံ သဘော တူညီချက်တစ်ရပ်ကို မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးဖို့ နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေ၊  လုပ်ထုံးလုပ်နည်းများနဲ့အညီ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့အနေဖြင့် အပြည်ပြည်ဆိုင်ရာမှာဖြစ်ပေါ်နေသည့် လူမှုဖူလုံ ရေးအဖွဲ့အစည်းများကဲ့သို့ ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများနှင့်အညီ လျှောက်လှမ်းရမည့်  အနာဂတ်လမ်းခရီးမှာအခက်အခဲတွေ၊ စိန်ခေါ်မှုတွေများစွာ တွေ့ကြုံရမှာဖြစ်သည့်အတွက် ယခု အစည်းအဝေးကို တက်ရောက်လာကြသည့် အဖွဲ့ဝင်ကိုယ်စားလှယ်တော်ကြီးများအနေနှင့် နိုင်ငံတော်၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံး၏ အကျိုးကိုရှေ့ရှုပြီး မိမိတို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး(၁/၂၀၁၈)ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှုနှင့်ရှေ့လုပ် ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက်လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များမှ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများမှအထွေထွေဆွေးနွေးခြင်း၊လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ်မှ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်အတည်ပြုခဲ့ပြီးနောက် အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို (၁၂:၃၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပ ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၁၉)တွင် လုပ်ငန်းဆောင်ရွက်ချက်တင်ပြခြင်း (၂၈) စောင် နှင့် ဆုံးဖြတ်ရန် အချက် (၆) ချက်တို့အား သဘောတူ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၉) သို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန် အသင်းမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။