အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ။
e-ID စနစ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီမှ Senior Government Program Manager , Mr. FAUL Wilhelm Martin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒီဇင်ဘာလ (၁၇) ရက် ၊ မွန်းလွဲ (၃) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်အဆင့်ဆင့် ၊ OeSD မှ မြန်မာနိုင်ငံ၏ Unique ID ကောက်ယူနိုင်ရေးလုပ်ငန်းများ အချိန်ကိုက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်မှုအခြေအနေ၊ MoU လက်မှတ်ရေးထိုးပြီးသည်နှင့် စီမံချက်ပါလုပ်ငန်းများ အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းအစီအစဉ်များ၊ e-ID စနစ်လုပ်ငန်း အဆင်ပြေအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ အိန္ဒိယနိုင်ငံ၌ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပညာရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းအတွေ့အကြုံများ မျှဝေဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ e-ID စနစ်အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် e-ID စနစ် ဆောင်ရွက်ပြီးနောက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဩစတြီးယားနိုင်ငံ အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။ (-)