ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ၂/၂၀၂၃ ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး၊ အလုပ်သမားသံအရာရှိ၊ အထူးဖိတ်ကြား ထားသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအား ၄-၇-၂၀၂၃ ရက်နေ့မှစ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြိုနယ်၌ တစ်ရက်လျှင် ၄ ကြိမ်၊ တစ်ကြိမ်လျှင် အလုပ်သမားဦးရေ ၂၀၀ ခန့်ဖြင့် ၂ နာရီကြာ အလုပ်သမားများ သိသင့်/သိထိုက်သည့် အခြေခံ အချက်များ၊ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်စိစစ်ခွင့်ပြုထားသည့် ကုမ္ပဏီများနှင့် ဘဏ်များမှ တစ်ဆင့် တရားဝင်ငွေလွှဲပို့နိုင်မည့် အခြေအနေများအား သိရှိစေရန်အတွက် OWIC ကတ် မပြုလုပ်မီ ၁ ရက် ကြိုတင်ခေါ်ယူ၍ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းများ ပို့ချလျက်ရှိကြောင်း၊
ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသည့် MoU ၄ နှစ်ပြည့် မြန်မာအလုပ်သမားများ MoU U-turn စနစ်ဖြင့်ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ၁၉-၆-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ အလုပ်သမားရေးရာကျွမ်းကျင်သူများ အစည်း အဝေးတွင် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းခဲ့ပြီး သက်ဆိုင်ရာဌာနများအကြား MoU U-turn စနစ်ဖြင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊
ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံဖြစ်ပြီး အဆိုပါအလုပ်သမားများကို တရားဝင် MoU U-turn စနစ်ဖြင့် ပြန်လည်စေလွှတ်နိုင်ပါက ၎င်းတို့၏ မိသားစုလွှဲပို့ငွေများအား မိခင်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် ပြန်လည်လွှဲပို့နိုင် မည်ဖြစ်၍ နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် MoU (၄) နှစ်ပြည့် Passport သက်တမ်းတိုး ဆောင်ရွက်ခဲ့သည့် အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး MoU U-Turn စနစ်ဖြင့် ပြန်လည်ထွက်ခွာပါက OWIC ကတ် ထုတ်ပေးရမည်ဖြစ်ပြီး PJ စာအုပ် ကိုင်ဆောင်ပြီး သက်တမ်းတိုးဆောင်ရွက်သည့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ပြီးနောက် ထွက်ခွာချိန်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြိုနယ်၌ အချက်အလက်များစိစစ်၍ OWIC ကတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊
ပြည်ပနိုင်ငံရောက် မြန်မာအလုပ်သမားများမှ ပြန်လည်လွှဲပို့သည့် မိသားစုလွှဲပို့ ငွေများကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်း ပြန်လည်လွှဲပို့ နိုင်ရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိပါကြောင်း၊
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၏ လိုင်စင်အသစ် လျှောက် ထားခြင်း ကိစ္စရပ်များအတွက် ပြည်ပနိုင်ငံများတွင် အလုပ်သမားရေးရာကိစ္စများ ပေါ်ပေါက် လာပါက တာဝန်ယူစေလွှတ်သည့် အေဂျင်စီအနေဖြင့် အပြည့်အဝကာကွယ် စောင့်ရှောက်ပေး နိုင်ရေးနှင့် အမည်ခံအေဂျင်စီနှင့် မမှန်မကန် လုပ်ဆောင်နေသည့် အေဂျင်စီများကို တားဆီး ကာကွယ်ရေးအတွက် အမှန်တကယ်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သည့် အေဂျင်စီများသာ လိုင်စင် အသစ် လျှောက်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊
ကော်မတီအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးအတွက် နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် တရားဝင်စေလွှတ်ခြင်းဖြင့် ၎င်းတို့အတွက် ပိုမိုအကာအကွယ် ရရှိနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါအခွင့်အရေး များနှင့် ရပိုင်ခွင့်များကိုလည်း ရရှိစေနိုင်မှာဖြစ်သည့်အတွက် အလေးထားကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကော်မတီက ချမှတ်ပေးထားသော လုပ်ငန်းစဉ်များကို အောင်မြင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးဝင်းရှိန် က ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်သည့် ရည်ရွယ်ချက်၊ နိုင်ငံ များနှင့် စည်းကြပ်သည့်ဥပဒေနှင့် အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှု အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှုအခြေအနေများနှင့် မိသားစုလွှဲပို့ငွေကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ၁/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြ၍ ၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ်များ အလိုက် အကြံပြုဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

