နေပြည်တော်၊ စက်တင်ဘာ ၄ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ (၄)ရက် ယနေ့ နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မိမိတို့ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ထုတ်ပေးပြီးစီးမှုနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးမှုအခြေအနေ၊ NV Card ထုတ်ပေးပြီးသူများအား နိုင်ငံသားစိစစ်ခံရန် လျှောက်ထားနိုင်ပြီး သတ်မှတ်ကာလအတွင်း ၎င်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုနှင့် ထုတ်ပေးပြီးစီးမှု အခြေအနေ၊ NV Card သည် မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ကြောင်းနှင့် NV Card ကိုင်ဆောင် ၍ သတ်မှတ်ဒေသတွင်း လွတ်လပ်စွာသွားလာနိုင်မှုနှင့် ရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အဖွဲ့အစည်းများ အဆင်ပြေစွာဆက်ဆံနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများပြန်လည် လက်ခံရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းများ ဖွင့်လှစ်ဆောင်ရွက်ကာ ဝန်ထမ်းများ တာဝန်ချထားမှု ၊ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး ကြိုးပမ်းဆောင်ရွက်နေ သော်လည်း လက်ရှိအခြေအနေတွင် ပြန်လည်ဝင်ရောက်လာမှုမရှိသေးသည့်အခြေအနေ၊ နည်းပညာလုပ်ငန်းအဖွဲ့ (TWG) အစည်းအဝေးများ ကျင်းပဆောင်ရွက်မှုနှင့် UNDP နှင့် UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးတွဲအကောင် အထည်ဖော်ရေးအဖွဲ့ (JWG) အချင်းချင်းအပြန်အလှန်အစည်းအဝေးများကျင်းပ၍ ပြန်လည် လက်ခံရေးလုပ်ငန်းများလုပ်ဆောင်ရန်ဆောင်ရွက်နေမှု၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည် လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့မှုအပေါ် စိစစ်ပြန်ကြားဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက် သည့်အချက်အလက်များနှင့် သိရှိလိုသည့်လုပ်ငန်းစဉ်များအပေါ် ပေးပို့ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

