အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဧပြီလ ၃ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် Issara Institute တို့ ပူးပေါင်း၍ နေပြည်တော်၊ Grand Amara Hotel တွင် ၃-၄-၂၀၁၈ ရက်နေ့က ထိုင်းနိုင်ငံရှိငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေသည့် ဘေးအန္တရာယ်များကိုသိရှိနားလည်၍ ကာကွယ် တားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား များနှင့် သက်ဆိုင်သောသုတေသနပြုမှုရလဒ်များနှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေလုပ်သားများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြေပြင်အတွေ့အကြုံများမှ လေ့လာသိရှိခဲ့ရသည်များကို ပြန်လည်ဆွေးနွေးမျှဝေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

အခမ်းအနားဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် Issara Institute သည် လူကုန်ကူးမှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုတို့နှင့်စပ်လျဉ်းပြီး သတင်းအချက် အလက်စုဆောင်းခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရခြင်းနှင့် အဓမ္မ စေခိုင်းခံရခြင်းကို လျော့နည်းပပျောက်စေရန် ကူညီဆောင်ရွက်ပေးခြင်း၊ အစ်ဆာရာမြန်မာ Facebook Page တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များမျှဝေခြင်း၊ အတွေ့အကြုံများဖလှယ်ပေးခြင်းနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကူညီဖြေရှင်းပေးနေခြင်းတို့အတွက် အသိအမှတ်ပြုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အစ်ဆာရာ မြန်မာ Facebook Page တွင် အလုပ်သမားများအတွက် သိသင့်သိထိုက် တဲ့ အချက် အလက်များ အချိန်နှင့်တပြေးညီ လွှင့်ထုတ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း၊ ရေလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် ဘေးအန္တရာယ် များပြားသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရခြင်း၊ အလုပ်ရှင်များ၏ မတရားခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ လုပ်ခလစာ မရရှိမှု တို့အပြင် လူကုန်ကူးခံရခြင်းဖြစ်စဉ်များပါ ကြုံတွေ့နေရတာကို စိတ်မကောင်းဖွယ် ကြားသိနေရပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများ အနေဖြင့် ထိလွယ်ရှလွယ်သူများဖြစ်ခြင်းကြောင့် စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ ပုံမှန်မဟုတ် သည့်လုပ်ငန်းများဖြစ်၍ အကျိုးခံစားခွင့် အပြည့်အဝမရရှိနိုင်ခြင်းတို့ကြောင့် လုပ်ငန်းခွင်အကြို သင်တန်းပေးခြင်း၊ မိသားစုနှင့်ဆက်သွယ်နိုင်ရေး၊ လုပ်ခလစာ အပြည့်အဝရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် ရေလုပ်သားများ၏ လူမှုဘဝလုံခြုံစိတ်ချမှုရှိစေမည့် လုပ်ငန်းခွင် ထိခိုက်မှုအာမခံနှင့် အသက်အာမခံ ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းလျက် ရှိပါကြောင်း၊ လူကုန်ကူးခံရသူ ရေလုပ်သားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း၊ မိသားစုပြန်လည်ပေါင်းစည်းခြင်း၊ ကျွမ်းကျင်မှု အပေါ်အခြေခံ၍ သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းတို့အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သုတေသနစာတမ်းများ၏တွေ့ရှိချက်များအား Issara Institute မှ ရှင်းလင်း တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများက ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော ရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိပါသည်။