နေပြည်တော် နိုဝင်ဘာ ၂၁
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ် အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုး၊ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်၍ ရန်ကုန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများမှ မြို့တော်ဝန်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများမှ Online ဖြင့် တက်ရောက်ကြသည်။
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေသူများအား အသက်အရွယ်နှင့်သင့်လျော်သော အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင် တည်မြဲရေး၊ အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော အလုပ်သမားရရှိရေး တို့အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်ပေါ်တွင် မဖြစ်မနေ မူတည်နေပြီး ယနေ့ကမ္ဘာကြီးတွင် နိုင်ငံတိုင်း၏ စီးပွားရေး အညွှန်းကိန်းဖြစ်သော လယ်ယာ၊ ကုန်ထုတ်လုပ်မှုမှစ၍ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍစသည့် အဓိကကဏ္ဍများတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာပြီး ပြောင်းလဲလာသော အနာဂတ် အလုပ်အကိုင်နှင့် ကမ္ဘာ့လုပ်သားဈေးကွက်လိုအပ်ချက်များ နေ့စဉ်ပြောင်းလဲတိုးတက် နေပါသဖြင့် လုပ်ငန်းကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ Job Matching ဖြစ်ရန် အရေးကြီးလာပြီဖြစ်ပါကြောင်း၊
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော နည်းပညာများအား သင်ကြားပို့ချနိုင်ရန်၊ လုပ်သားများအား Reskilling၊ Upskilling ဖြည့်ဆည်းပေးရန် Green Skills၊ Digital Skills ဆိုင်ရာအယူအဆများကို ဘာသာရပ်များတွင် ထည့်သွင်းသင်ကြား နိုင်စေရန်နှင့် ဘဝတစ်သက်တာ လေ့ကျင့်သင်ကြားရေးစနစ်များကို လွယ်လင့်တကူ လေ့လာသင်ကြားနိုင်မှသာ လုပ်သားထု၏ Life Carrier ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုဆောင်ရွက်နေသော လုပ်သားတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံအင်အားအဖြစ် သတ်မှတ်ပြီး အထူးအလေးထားဆောင်ရွက်ကြရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
အစိမ်းရောင်စီးပွားရေးများမှာ နည်းပညာတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ တွင် လုပ်သားများကိုခန့်ထားရာ၌ လုပ်ငန်းကျွမ်းကျင်သူ၊ လုပ်ငန်းစွမ်းဆောင်ရည်ရှိသူ ကျွမ်းကျင် လုပ်သားများ ခန့်ထားမည်ဆိုပါက လုပ်ငန်း တိုးတက်မှုနှုန်းပိုမိုမြင့်မားလာမည်ဖြစ်သည့်အပြင် အရည်အသွေးပြည့်ဝသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ ပြည်တွင်းအလုပ်အကိုင်များ ခန့်ထားရေးနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ ဖြင့် အလုပ်ခန့်ထားဆောင်ရွက်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားဦးရေအပေါ်မူတည်၍ ကျွမ်းကျင်လုပ်သားပါဝင်မှု ရာခိုင်နှုန်းသတ်မှတ်နိုင်ရေး၊ အမျိုးသားအဆင့် အရည်အချင်းမူဘောင်တွင် ကျွမ်းကျင်မှုမူဘောင်အား ထည့်သွင်းသတ်မှတ် ပေးနိုင်ရေးတို့နှင့်စပ်လျဉ်းသော ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်

