အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                            ဩဂုတ် ၂၇

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) တွင် ခန့်အပ်ထားသည့် စစ်ဆေးအကဲဖြတ်သူ (Assessor) များအတွက် စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ အချက်အလက်များနှင့် မေးခွန်းများကို Database မှ စနစ်တကျ ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် Test Item Database User Training သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင် ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော NSSA သည် မြန်မာနိုင်ငံရှိ ဦးစားပေး အလုပ်အကိုင်များအတွက် အလုပ်အကိုင်ကျွမ်းကျင်မှုစံများ ရေးဆွဲသတ်မှတ်ခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်လုပ်သားများအား အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်ထုတ်ပေးခြင်း အစီအစဉ်များကို နှစ်စဉ်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် လိုအပ်သည့် မွမ်းမံသင်တန်းအစီအစဉ်များကို NSSA မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် စစ်ဆေးအကဲဖြတ်သူသင်တန်း (၂) ကြိမ်ကို သင်တန်းသား (၅၃) ဦးဖြင့် ဖွင့်လှစ်ပို့ချပေး ခဲ့ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လအထိ ယခုသင်တန်းသား (၂၀)ဦးဖြင့် ဖွင့်လှစ်သည့် Test Item Database User Training အပါအဝင် သင်တန်း (၃) ကြိမ်ကို သင်တန်းသား (၈၉) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊

NSSA ၏ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ရာ တွင် Chief Assessor နှင့် Assessor များက စစ်ဆေးရေးဆိုင်ရာ စာတွေ့/လက်တွေ့ မေးခွန်း များကို Test Item Database မှ ထုတ်ယူသုံးစွဲရခြင်းဖြစ်ပြီး မေးခွန်းဘဏ်တွင် မေးခွန်းများ ထည့်သွင်းခြင်းနှင့် ထုတ်ယူသုံးစွဲခြင်းနည်းစနစ်များကို သင်တန်းသားများအနေဖြင့် သေချာစွာ နာယူမှတ်သားအသုံးချရန် လိုကြောင်း၊ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် Chief Assessor၊ Assessor များအနေဖြင့် Online နှင့် ပတ်သက်သည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာမှတ်သားပြီး Test Item Database တွင် ထည့်သွင်းထားသည့် မေးခွန်းများကို အရည်အသွေးပြည့်ဝသော မေးခွန်းများဖြစ်စေရေး၊ ခေတ်ကာလနှင့်အညီ မေးခွန်းများကို အဆင့်မြှင့်တင်နိုင်ရေးနှင့် မေးခွန်းများကို ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ ဆန်းစစ်လေ့လာ၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် Test Item Database User Training ကို ၂၆-၈-၂၀၂၅ ရက်နေ့မှ     ၂၇-၈-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး NSSA ရှိ လုပ်ငန်းကဏ္ဍ (၅) ခုမှ စစ်ဆေးအကဲဖြတ် သူသင်တန်းသား (၂၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။