အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                            ဩဂုတ် ၈

          မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်ရှိ Kabar Training သင်တန်း ကျောင်းသို့ သွားရောက်၍ ကျောက်ပုံးရိုက်သင်တန်းဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေး ခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းအတွက် ဦးစီးဌာနအသိအမှတ်ပြုသင်တန်းကျောင်း အဖြစ် အုတ်စီနှင့် သံချည်သံကွေးသင်တန်းများအတွက် NSSA အသိအမှတ်ပြု သင်တန်းကျောင်း အဖြစ် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ရယူထားကြောင်း၊ အဆိုပါသင်တန်းများ အတွက် NSSA အသိအမှတ်ပြုကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများထားရှိပြီး  ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ပြင် စင်ကာပူနိုင်ငံ BCA (Building & Construction Authority)မှ စစ်ဆေးသည့် ကျွမ်းကျင်မှုလုပ်သား စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲများကို လစဉ်ကျင်းပ စစ်ဆေးပေးလျက်ရှိကြောင်း၊သင်တန်းတက်ရောက် ပြီးစီးသူများကို ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများသာမက ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်း၊ သင်တန်းကျောင်း အနေဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။

ဒုတိယဝန်ကြီးက Kabar Training Center တွင် သင်ကြားပို့ချနေသည့် ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းများသည် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး များစွာအထောက်အကူ ပြုသည့် သင်တန်းများဖြစ်၍ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းချိန် မှန်မှန်ဖြင့် စာတွေ့/ လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူမှတ်သားပြီး သင်တန်း စည်းမျဉ်းစည်းကမ်းများ ကောင်းစွာလိုက်နာရန်၊ သင်ကြားပေးသည့် ပညာရပ်များကို ကျွမ်းကျင်မှု ရှိအောင်လေ့ကျင့်၍ သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက်စနစ်တကျအသုံးချရန်၊ သို့မှသာကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး NSSA အသိအမှတ်ပြုကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်မှု ခံယူခြင်းဖြင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ကြောင်း မှာကြား၍ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။။     

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ TI ၊Famoso အထည်ချုပ်စက်ရုံနှင့် Myanmar DYC ရှူးဖိနပ်စက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများကလုပ်ငန်းခွင် အခြေအနေ များကို ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီများသည်  အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်စေတနာထားပြီး ယုံကြည်မှုရှိရှိဆောင်ရွက်ရန်လိုကြောင်း၊

လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင် သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများ အလေးထားဆောင်ရွက်နှင့် အလုပ်သမားရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ပုံရိပ်ကိုများစွာ သက်ရောက်မှုရှိစေနိုင်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။