အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၏ (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်ထောင်စုနယ်မြေရှိ ဦးစီးဌာနများမှ တာဝန်ခံများ တက်ရောက်ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများက Online ဖြင့် တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးသည် လက်ရှိအစိုးရတာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဒုတိယအကြိမ်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များဖြစ်သည့် အလုပ်အကိုင်ရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများမွေးထုတ်ပေးနိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမား များ စားဝတ်နေရေး အဆင်ပြေစေရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး ကိစ္စရပ်များသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် များစွာအရေးပါကြောင်း၊

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ  အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄၈၀၀ ကျပ် (လေးထောင်ရှစ်ရာကျပ်) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ၁၄-၅-၂၀၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်၍ တတိယအကြိမ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိကြောင်း၊

          ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်လုပ်သား စစ်ဆေးအကဲဖြတ်ခြင်းကို လျာထားချက် ပြည့်မီအောင် တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ကြပ်မတ်ရန်လိုကြောင်း၊ ပြည်ပရောက် မြန်မာ လုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းဝင်ရောက်လာစေရေး နိုင်ငံတော်က မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊

          အလုပ်ရှင်နှင့် အလုပ်သမားများ၏ အားကိုးယုံ ကြည်မှုရရှိရေး လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်နေသည့် (IT/Medical/ Legal/Administration) Reform (၄) ခုကို ပိုမိုအောင် မြင်စေရေး  ထည့်ဝင်ကြေးကောက်ခံရာတွင် ကြွေးကျန်မဖြစ်ပွားစေရေး၊ အငှားအိမ်ရာ စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး၊ ဘဏ္ဍာရေးနှစ်အလိုက်စီမံချက်ချမှတ်ပြီး အရှိန်အဟုန် မပျက်.အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

          မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားလျော့နည်းပပျောက်စေရန်အသိပညာပေးခြင်း နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့် တင်ပေးခြင်း၊လုပ်ငန်းစီမံချက်နှင့်အညီ တာဝန်ဝတ္တရားများ သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ ပြဌာန်းပြီး ဖြစ်၍ အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဉီးစီးဌာနက ဉပဒေနှင့်အညီ စည်းကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း

          ၂၀၁၁ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်သမား ရေးရာအငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)များ စနစ်တကျဖွဲ့စည်းပြီးညှိနှိုင်းဆောင်ရွက်ပေးရန်နှင့်  အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပပြီးဖြစ်ရာ အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်ရန် ရလဒ်ကောင်းများ ရရှိထားပြီး ဖြစ်ကြောင်း၊

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဝန်ကြီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအောင်မြင် စေရေး ဉီးစီးဌာန၊ အဖွဲ့ များအားလုံး အချိတ်ဆက်မိမိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

အလုပ်သမားရေးရာဥပဒေများအား ခေတ်စနစ်နှင့် လျော်ညီစွာ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ဆောင်ရန်လိုသဖြင့် ဝန်ထမ်းများ ဥပဒေများကို ကောင်းစွာ ဖတ်ရှုလေ့လာထားပြီး ပြင်ပကျွမ်းကျင်သူများ အလုပ်ရှင်/အလုပ်သမားကိုယ်စားလှယ်များဖြင့် ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း၊

          ဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းကို အောင်မြင်စွာကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးနှင့် အကြောင်း အမျိုးမျိုးကြောင့် အချိန်မီပြီးစီးမှုမရှိသော လုပ်ငန်းများ၏ ပိုလျှံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်နှင့်တပြေးညီ အပ်နှံဆောင် ရွက်ရန်လိုကြောင်း၊ ရငွေများအား စနစ်တကျစီမံ စည်းကြပ်သွားရန်နှင့် အသုံးစရိတ်များကို ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပေးချေသုံးစွဲသွားရန်လိုကြောင်း၊

          တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများ အောင်မြင်ချော မွေ့စေရေး ကိုယ်စီစွမ်းဆောင်ရည်ရှိရန်နှင့် အထက်ဌာန၏အမိန့်ညွှန်ကြားချက်များ၊ ဥပဒေဆိုင် ရာ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဆိုင်ရာ အစိုးရ၊ အာဏာ ပိုင်အဖွဲ့အစည်း၊ ဒေသခံပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်၍ ၎င်းတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ရမည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ အောင်မြင်စေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊

          ထို့အပြင် ဌာနဆိုင်ရာအကြီးအကဲများ တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများအနေဖြင့် လုပ်ငန်းအလိုက် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ထူခြားဖြစ်စဉ် များသာတင်ပြရန်နှင့် အထက်ဌာနမှ ပံ့ပိုးဆောင်ရွက်ရမည့် ကိစ္စရပ်များကို မှန်ကန်စွာ သုံးသပ်တင်ပြရန်လိုကြောင်းနှင့် ဌာနအတွက် အကျိုးရှိစေမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးရန် မှာကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစီးဌာန၊ အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများမှ တာဝန်ခံများ၊ ဆေးရုံအုပ်ကြီးများက ဆောင်ရွက်ပြီးစီးမှု များ ရှေ့လုပ်ငန်းနှင့်လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြ၍ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။