အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                          ဩဂုတ် ၁၀

          အလုပ်သမားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ အပါအဝင်( ၂၆၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာ၌ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဖော်ဆောင်ပေးခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် စစ်ဆေးကြပ်မတ်ခြင်း၊ အလုပ်သမား ရေးရာအငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လူမှုဖူလုံရေးစီမံကိန်းများ အကောင်အထည် ဖော်ခြင်း စသည့်လုပ်ငန်းများကို လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း၊

အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများအနေဖြင့် တာဝန်ရှိသူများ၏ အသိပညာပေးဆွေးနွေးမှုများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်လာပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် ငွေကြေးအပါအဝင် အကျိုး ခံစားခွင့်တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်မှုမရှိစေရေး လိုအပ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို    ၁-၂-၂၀၁၉ ရက်နေ့မှစ၍ ဖွဲ့စည်းထားရှိ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခမ်းအနားမှ ရရှိသည့် အသိအမြင်ဗဟုသုတများကို ပြန်လည် မျှဝေပေးကြရန်နှင့် ကိုယ်တိုင်ကစပြီး အဂတိလိုက်စားမှု၌ မပါဝင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

          ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြောကြား ရာတွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် အဂတိလိုက်စားမှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိ လိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ဝန်ထမ်းများ သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံး သည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ် စွာ ထမ်းဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဆန်းတင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပါသည်။

          ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် ခေါင်းဆောင်၍ အလုပ်သမားဝန်ကြီး ဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။