အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                   မတ် ၆

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ Professional and Advanced Excel သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို  ၆-၃-၂၀၂၃ ရက်နေ့၊ (၁၀:၀၀)နာရီတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းများကို ဖွင့်လှစ် ရသည့် ရည်ရွယ်ချက်မှာ အလုပ်သမားဝန်ကြီးဌာန၌ ရှိသည့်ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာ ပညာရပ်ကို စနစ်တကျသိရှိနားလည်စေရန်၊  Excel ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပြီး ရုံးလုပ်ငန်း စာရင်းဇယားများအား အချိန်နှင့် တပြေးညီ တိကျမှန်ကန်စွာ ဆောင်ရွက်တတ် စေရန်နှင့် လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက်ကြသည့် ဝန်ထမ်းသစ်များအနေဖြင့် မသိမဖြစ် သိရမည့် ဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက် နေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် တတ်ကျွမ်းကြစေရန် ဖြစ်ပါကြောင်း၊ 

          ဝန်ထမ်းများအနေဖြင့် Excel ပညာရပ်ကို နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းစာရင်း ဇယားများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းသစ်များအနေဖြင့် ဝင်ရောက် လုပ်ကိုင်သည့်ဌာနသည် နိုင်ငံတော်အဆင့်ဖြင့်ကြည့်ပါက ဘယ်ကဏ္ဍမှ ပါဝင်လုပ်ဆောင်၍ ဘယ်လိုရည်မှန်းချက်တွေထားရှိနေကြောင်း၊ အများပြည်သူများနှင့် ဘယ်လိုဆက်စပ်လုပ်ဆောင် နေကြောင်း ဝန်ထမ်းများ သိရှိနားလည်သင့်သည့် အရာများကို သင်တန်းမှ လေ့လာသိရှိ ခွင့်ရ မည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာများ ပို့ချပေးမည့် သက်ဆိုင်ရာ သင်တန်းနည်းပြများ အနေဖြင့် သင်တန်းများနှင့် ကိုက်ညီလျော်ကန်သည့် ဘာသာရပ်များရွေးချယ်ပြီး သင်တန်းသား များ နားလည်သဘောပေါက်အောင် သင်ကြားပို့ချပေးသွားကြရန် အလေးအနက်ထား ပြောကြား လိုပါကြောင်း၊

          ယနေ့ခေတ် IT နည်းပညာစနစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရန် အရေးကြီးသလို ဝန်ထမ်းအသစ်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များ ကို ထမ်းဆောင်သည့်အခါ လုပ်ငန်းသဘောသဘာဝများကို အခြေခံအားဖြင့် သိရှိနားလည်ပြီး လုပ်ငန်းခွင်၌ အခက်အခဲမရှိ အဆင်ပြေစွာနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်း ဆောင်နိုင်ရန်လိုကြောင်း၊

          ဝန်ထမ်းသစ်များအနေဖြင့် နိုင်ငံတော်ကခန့်အပ်ထားသည့် တရားဝင်နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာသည့်အတွက် ဝန်ထမ်းများ သိသင့်သိအပ်သော နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊

                             သင်တန်းသားများ အနေဖြင့် သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်း များနှင့်အညီလိုက်နာပြီး မိမိတို့အတွက် အကျိုးရှိအောင် ရသလောက် ကြိုးစားသင်ယူသွားရန်၊ ဌာနမှ အားကိုး အားထားပြုထိုက်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်ကြိုးစားအား ထုတ်လုပ်ကိုင်ကြရန်နှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်၊ လိုအပ်သည့်အရာများရှိပါက သင်တန်းတာဝန်ခံများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ် ပြောကြားပေးကြရန် တာဝန်ရှိသူများအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းလုပ်ဆောင်ပေး သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Professional and Advanced Excel သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် အဖွဲ့ရုံးတို့မှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၄၀)ဦးဖြင့် သင်တန်းကာလ (၆) ရက်ကြာနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)တွင် လူမှုဖူလုံရေးအဖွဲ့သို့ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေး ဝန်ထမ်း (၆၃)ဦးတို့ဖြင့် သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။