အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                      ဇန်နဝါရီ ၂၆

        (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုနှင့်ပတ်သက်သည့် ရှင်းလင်း‌ဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပရာအလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရရှိပြီးသည့် စက်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့်ဆုများကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသိရှိပြီး ပါဝင်ယှဉ်ပြိုင်စေလိုသည့်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တည်ငြိမ်အေးချမ်း၍ သင့်တော် ကောင်းမွန်သည့်  လုပ်ငန်းခွင်များဖြစ်စေရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် တွင် ပါဝင်သည့် MSME လုပ်ငန်းများ၏ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် အရေးပါသည့်လုပ်သားထုကို တည်ဆဲဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိ ကြောင်း၊

လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်ပေး ခြင်းမှာ အလုပ်သမားနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ တိုးတက်စေခြင်း၊ မိမိလုပ်ငန်း၏ ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း၊ ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ မိမိလုပ်ငန်း၏ ပုံရိပ်ကို မြှင့်တင်နိုင်ခြင်းတို့အပြင် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူး များကို ရရှိနိုင်ကြောင်း၊  အလုပ်သမားများအတွက် ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေ ဖန်တီးပေးနေသည့် လုပ်ငန်းများအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်း၊

အာဆီယံဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် ရည်ရွယ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) တွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဆောင်ရွက်နေကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် ၂၀၀၆ ခုနှစ်တွင် (၇) ကြိမ်မြောက် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး၊ ၂၀၁၃ ခုနှစ် တွင် (၁၄) ကြိမ်မြောက် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး၊ ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက် ASEAN-OSHNET ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး၊ (၉) ကြိမ်မြောက် ASEAN-OSHNET ညီလာခံနှင့် (၄) ကြိမ်မြောက် ASEAN-OSHNET ဆုချီးမြှင့်ပွဲ အခမ်းအနားများကို အလှည့်ကျအိမ်ရှင်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

ASEAN-OSHNET သည် အာဆီယံဒေသတွင်း အလုပ်သမားများအတွက် ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေများကို စိတ်ဝင်တစားဖြင့် တက်ကြွစွာ ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ (၂) နှစ်လျှင် တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ အဆိုပါဆုများကို မြန်မာနိုင်ငံအနေဖြင့် ကျင်းပသည့်အကြိမ်တိုင်းတွင် ယှဉ်ပြိုင်ရယူနိုင်ခဲ့ပြီး ဒေသတွင်းအဆင့် ယှဉ်ပြိုင်နိုင်စွမ်းပုံရိပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းကြောင့် ဆုရရှိသူများအတွက် သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ခဲ့ရကြောင်း၊

မြန်မာနိုင်ငံတွင်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြားအာဆီယံဒေသတွင်း နိုင်ငံများ နည်းတူ အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်  ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာန၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက် များကို ရှင်းလင်းပြောကြားခြင်း၊ဆုဝင်ရောက်ယှဉ်ပြိုင် လိုသူများအတွက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကွန်ရက်ဆုနှင့်ပတ်သက်သည့် သတင်းအချက် အလက်များအား သိရှိနားလည်စေရန် Video Clip ဖြင့် ရှင်းလင်းပြသခဲ့ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှ ဆုရွေးချယ်ရေးနှင့် ပတ်သက် သည့် စံနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

၂၀၂၄ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် (၅) ကြိမ်မြောက် ဆုရွေးချယ် ချီးမြှင့်ပွဲတွင် ယခင်နှစ်များကဲ့သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအား ဆုများရရှိစေရေး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်မည်ဖြစ်သည့် အတွက် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် နိုင်မည် ဖြစ်ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာ ဆောင်ရွက် ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များအတွက် ASEAN-OSHNET Excellence Award ကိုလည်းကောင်း၊ လုပ်သား အင်အား (၅၀) ဦးမှ (၃၀၀) ဦးအထိရှိ အသေးစားနှင့် အလတ်စား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များ၊ လုပ်သားအင်အား (၃၀၀) ဦးမှ (၆၀၀) ဦးအထိရှိ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်များ အတွက် ASEAN-OSHNET Best Practices Award ကိုလည်းကောင်း ပေးအပ်ချီးမြှင့်မည် ဖြစ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။