ရန်ကုန် ဇန်နဝါရီ ၁၉
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ရုံးတွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိက ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်(OWIC) စိစစ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ်ထုတ်ပေးနေမှုကို ရှင်းလင်း တင်ပြခဲ့သည်။
မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ် ထုတ်ပေးရေးဌာနသည် ပြည်ပနိုင်ငံမှ ခွင့်ပြန်အလုပ် သမားများအတွက်သာ ထုတ်ပေးနေခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိ အစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဌာနစုတွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) များကို စိစစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
၁၉၉၀ ပြည်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အေဂျင်စီအစီအစဉ် ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁,၁၃၂,၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅,၂၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆,၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄,၇၂၀ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀,၇၇၇ ဦးအပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါ သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ် ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့တွင် သင်တန်းသား ကျား ၃၀၈,၄၀၆ ဦး၊ မ ၁၁၉,၂၂၁ ဦး၊ စုစုပေါင်း ၄၂၇,၆၂၇ ဦးအား သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက်၍ အလုပ်သမားဆေးရုံကြီးအတွင်း တိုးချဲ့ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိသော ပြင်ပလူနာဌာနအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆေးရုံကြီးတွင် အာမခံ အလုပ်သမားလူနာများအား ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရေး၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍတွင် ပါဝင်ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ဆေးရုံရှိတာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင် ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများမဖြစ်စေရန် စီမံခြင်းနှင့် ဆေးရုံလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များ ဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေ ရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးကြ ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ပါသည်။
