အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မကွေး                                                                                                             ဒီဇင်ဘာ ၂၁

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေးပွဲ သို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ သင်တန်းသားများ အပါအဝင် အင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြား၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မျှော် မှန်းချက်ချမှတ်၍ မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်ဝသည့် လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး၊ လုပ်သားထုယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးနိုင်ရန် လုပ်ငန်းခွင် ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး တို့ကို အလုပ် သမားရေးရာ ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ပေးနေကြောင်း၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်မှ လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (National Skills Standards Authority-NSSA) ကို စတင်ဖွဲ့စည်း၍  အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေအရ စည်းကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ NSSA အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး လက်ရှိအချိန်ထိ လုပ်ငန်းကဏ္ဍအသီးသီးတွင် အလုပ်အကိုင် (၇၀) မျိုးအတွက် ကျွမ်းကျင်မှု“စံ” (၉၂) ခု ရေးဆွဲအတည်ပြု၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၆) ခုကို တည်ထောင်ကာ ၂၀၁၄ ခုနှစ်မှ  ယနေ့အထိ အလုပ်အကိုင် (၄၀) မျိုးအတွက် ဖြေဆိုသူ (၂၆,၇၅၁) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အရည်အသွေး ပြည့်မီသူ (၂၄,၄၅၄) ဦးကို အတည်ပြုပေးခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဂဟေဆက်အလုပ်အကိုင်၊ မြေတူးစက်မောင်းအလုပ်အကိုင်၊ မော်တော်ယာဉ်စက်ပြင်အလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ (၇၅၂) ဦးကို စစ်ဆေးအကဲဖြတ်၍ အရည်အသွေးပြည့်မီသူ (၆၃၄) ဦးကို အသိအမှတ်ပြု ပေးနိုင်ခဲ့ကြောင်း၊  ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ NSSA အသိအမှတ်ပြုဟိုတယ် (၁) ခုသာ ရှိသေး၍ ရန်ကုန်၊ မန္တလေး နှင့် ပုဂံမြို့များတွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာနများကို တိုးချဲ့တည်ထောင်နိုင်ရေး ဟိုတယ် လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ Chief Assessor၊ Assessor များ၊ NSSA အသိအမှတ်ပြု သင်တန်းကျောင်းများ အနေဖြင့် စွမ်းဆောင်ရည်မြင့်မားရမည်ဖြစ်ပြီး NSSA အသိအမှတ်ပြုဟိုတယ် များ များပြားလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် ထိရောက်သည့် စွမ်းဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း၊  

          မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းမှတဆင့် ကျွမ်းကျင်လုပ်သား များအတွက် Mutual Recognition of Skills ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် နှင့်အညီ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊

မကွေးတိုင်းဒေသကြီးရှိ မင်းဘူးမြို့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တည် ဆောက်ပြီးပါက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်  ဝန်ကြီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ တိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေးစေလိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုခြင်းဖြင့် အလုပ်သမားရေးရာ ဥပဒေပါခံစားခွင့်များကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် ရရှိခံစား နိုင်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်မှုကြောင့် လုပ်ငန်းခွင် တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း၊ အငြင်းပွားမှု ဖြစ်ပွားပါက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးနိုင် ခြင်းကြောင့် EC စာချုပ်ကို ရာနှုန်းပြည့်ချုပ်ဆိုရမည်ဖြစ်ကြောင်း၊

          ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့များအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို သက်ဆိုင်ရာ အလုပ်သမား ဥပဒေများနဲ့ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ထိုင်းနိုင်ငံသို့  ထွက်ခွ မည့် မြန်မာနိုင်ငံသား လုပ်သားများအနေဖြင့် MoU စနစ်ဖြင့် ထွက်ခွာရန်၊ တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ဥပဒေနှင့်အညီ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရန်နှင့် ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mol.gov.mmသို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၏ အလေးထား ဆောင် ရွက်ပေးနေမှုများကို တက်ရောက်လာသူများမှ ကောင်းစွာနားလည်သဘောပေါက်ပြီး ဆင့်ပွား သတင်းဖြန့် ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ပြောကြားသည်။