ရန်ကုန် ဧပြီ ၂၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်)သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသော အာမခံအလုပ်သမား များအား ကြည့်ရှုအားပေးခဲ့ပါသည်။
ရှေးဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်း များအားတွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ဝန်ထမ်းများဖြစ်၍ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် အလုပ်ဖြစ်သဖြင့် စေတနာထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများ ကို ထိရောက်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရေး၊ ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်စေရေး အလေးထားဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ပညာရေး ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အခြေခံအဆင့်မှစ၍ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ ဝန်ထမ်းများအပါအဝင် ဝန်ထမ်းမိသားစုများ၏ ပညာရေးကို အဆင့်မြှင့်တင် နိုင်ရေး ဝန်ထမ်းများအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် လည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း ၍လည်း အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်း ဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှု များကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့် အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်း တစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနနှင့် ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် အာမခံအလုပ်သမားလူနာများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံနှုတ်ဆက်အားပေးပြီး လှူဒါန်းငွေများပေးအပ်ခြင်း၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေး ခန်း (၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်း တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ လူနာဦးရေ (၁,၁၄၆,၆၈၅) အား ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးပြန်အမ်းအမှုတွဲ(၇၇,၈၀၇)မှု အတွက် ငွေကျပ်သန်းပေါင်း ၇၉၇၄.၃၉၆ အား ပြန်လည်ပေးအမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

