အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဇွန် ၂၇

အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စိုက်ခင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပလာမည်ဖြစ်သည့်အတွက် ယခုနှစ်မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊

 နိုင်ငံတော်အကြီးအကဲက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့နှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပရေး၊ သစ်တော သယံဇာတများ ရေရှည်တည်တံစေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ တောတောင်ရေမြေကို ထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ် များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေ ရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်လာကြရန် လိုအပ် သည်ဟု လည်းကောင်း ရာသီဥတုမျှတပြီး သစ်တောဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုရရှိ စေရေးအတွက် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများဖုံးလွှမ်းအောင် ရည်မှန်းချက် ထားပြီး သက်ဆိုင်ရာ ဌာနများ၊ ဒေသဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည်ဟု လည်းကောင်းစသည်ဖြင့် လမ်းညွှန်မှာ ကြားခဲ့ပါကြောင်း၊

သစ်ပင်များ စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတု ညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သော လေရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပြီး စိုက်ပျိုးသည့် အပင်များအား ရှင်အောင်စိုက်၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စိုက်ပျိုးကြရန်၊ နောင်လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများ ပေးနိုင်စေရန်၊ သက်ရှိများအားလုံး အကျိုးရှိစေရန်အတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများစိုက်ကြရန်နှင့် စိုက်ပျိုးသည့် အပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ရတနာတန်းဝင်ကျွန်းပင်များအား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၏ ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင်စိုက်ပွဲတွင် ကျွန်း (၄၃၃) ပင်၊ ယမနေ (၄၄၀) ပင်၊ စုစုပေါင်း (၈၇၃) ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။