နေပြည်တော် ဇွန် ၁။
အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် နိုင်ငံ့ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံအရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ နိုင်ငံ့ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူပြုစေရန် ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ က ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာကို သင်ယူလေ့လာထားသူသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကို ပြည့်စုံ အောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာတို့ကို တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ထားကြောင်း၊
နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်သည့် လူကောင်း လူတော် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် ပညာတတ်ရန်လိုပါကြောင်း၊ ပညာသည် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်ပြီး ပညာဉာဏ် အရောင်ဖြင့် လောကကို အလင်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအား လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်း၊ အသိအမှတ်ပြုအားပေးခြင်းနှင့် ကောင်းမွန်မှန်ကန်သည့် အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဌာနအကြီး အကဲများ၊ ဝန်ထမ်းမိဘများအနေဖြင့် နိုင်ငံအတွက် အားကိုးအားထားပြုထိုက်သည့် လူငယ်များဖြစ်လာစေရေး၊ ပညာတတ် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးနှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မွန်မြတ်သော စေတနာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/ သမီးများအတွက် မူလတန်း (KG to Grade 5) တက်ရောက်သူ (၅၁၉)ဦး၊ အလယ်တန်း (Grade 6 to Grade 9) တက်ရောက်သူ (၂၁၈) ဦး၊ အထက်တန်း (Grade 10 to Grade 12) တက်ရောက်သူ (၁၃၈)ဦးနှင့် တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား/ ကျောင်းသူ (၁၃၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၁၂)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၁၂,၆၁၆,၀၀၀/-(ကျပ်တစ်ရာနှစ်ဆယ့်ခြောက်သိန်း တစ်သောင်းခြောက်ထောင်တိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဌာနဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာ ကြားသည့် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားစီမံကိန်းများပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၁၂)ရပ်တို့နှင့်အတူ (၅)နှစ် အမျိုးသားစီမံကိန်း မူဘောင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ)၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (National Comprehensive Development Plan- NCDP) မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်တိုင်များ Sustainable Development Goals – SDG)၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ စီမံကိန်းများကို ဦးစားပေးအလိုက် လျာထားရေးဆွဲထားရှိပြီးဖြစ်သည့်အတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းပါလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု စတုတ္တသုံးလပတ် အစီရင်ခံစာနှင့်ပတ်သက်၍ အကြံပြုချက်များအပေါ် ဝန်ကြီးဌာနများမှ သိရှိ လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားထားကြောင်း၊
ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ စောင့်ကြည့်အကဲဖြတ်အဖွဲ့ ထားရှိပြီး (၁)လ တစ်ကြိမ် စီမံကိန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေများကို တင်ပြစေ ခြင်းဖြင့် တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ဘဏ္ဍာရေး နှစ်ကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်မည့် အခြေအနေများကို သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်သည် များကို ညွှန်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးမှ ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် လျာထားလုပ်ငန်းစဉ်များအပေါ် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်မီအောင် ဆောင် ရွက်ရန်နှင့် စီမံကိန်းလုပ်ငန်းများအပေါ် ရန်ပုံငွေပြန်လည်အပ်နှံခြင်းများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများ အနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများကို အချိန်မီ အရည်အသွေး ပြည့်မီ ပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

